ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် အာလူးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသည့် အာလူးများ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ အဆိုပါအာလူးများ ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး သိသိသာသာ အရောင်းအဝယ် ကောင်းမွန်လာကြောင်း၊ လက်ရှိအာလူးပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀၀ ထိပေါက်ဈေးရှိကြောင်း သိရသည်။ “ရှမ်းပြည်နယ်ဘက်ကနေ မအူပင်မြို့နယ်ဘက်ကို အာလူးတွေပုံမှန်ဝင်ရောက်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်အာလူးတွေ အထွက်နှုန်းနည်းနေပါတယ်။ ဒါကြောင့် မနှစ်ကထက် အာလူးဈေးက နှစ်ဆလောက်တက်နေတယ်။ မနှစ်က ပိဿာချိန် ၁၀၀ ကို ငွေကျပ် ၃၅၀၀၀၀ လောက် ပဲဈေးရှိခဲ့ပါတယ်။ လက်ရှိ ပိဿာချိန် ၁၀၀ ကို ငွေကျပ် ၇၅၀၀၀၀ ထိ ဈေးပေါက်နေပါတယ်။ အာလူးက လက်ရှိအရောင်းအဝယ်ကောင်းနေပါတယ်။ လက်ရှိတစ်ရက်တာ အာလူးပိဿာချိန် ၁၀၀ ကျော်မှာပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဝင်ရောက်လာတဲ့ အာလူးတွေက လတ်ဆတ်ပြီး အရည်အသွေး ကောင်းပါတယ်” ဟု မအူပင်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။ မအူပင်မြို့နယ်တွင် ယခုလက်ရှိ အာလူးပိဿာချိန် ၁၀၀ ထိ နေ့စဉ်အရောင်းအဝယ်ကောင်းနေခြင်းကြောင့် အာလူးစိုက်ပျိုးသူများ၊ ကုန်စည်သယ်ယူတင်ပို့သည့် လုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ စသည့် လုပ်ငန်းများ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်နေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ