Local News

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၌ မုန်လာဥဖြူများ စတင်ထွက်ပေါ်၍ ဈေးကောင်းရ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာများတွင် လယ်ယာလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော မုန်လာဥဖြူကို စီးပွားဖြစ် စိုက်ပျိုးကြောင်း သိရသည်။ မုန်လာဥဖြူကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၃၀-၄၀ အကြာတွင် တူးဖော်ရကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် မျှားနီတံဆိပ်နှင့် ဆင်စွယ်မုန်လာတံဆိပ်ပါ မုန်လာဥဖြူမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ငါးသိန်းခန့် ကုန်ကျပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် မုန်လာဥဖြူ ၆၀၀၀-၇၀၀၀ ခန့် ထွက်ရှိကြောင်း၊ လက်ကားဈေး မုန်လာဥဖြူ တစ်ဥလျှင် ငွေကျပ် ၂၀၀ နှင့် ငါးဥပါ တစ်စည်းလျှင် ငွေကျပ် ၁၀၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ကိုးသိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအရောက် အခင်းပြတ်လာရောက်ဝယ်ယူ၍ စဉ့်ကိုင်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး အချို့တောင်သူများမှာလည်း မန္တလေး၊ ကျောက်ဆည် ကားလမ်းဘေးတွင် ရောင်းချ မှုများလည်း ရှိကြောင်း၊ ယခုနှစ် မုန်လာဥဖြူစတင်ထွက်ပေါ်ချိန်တွင် ဈေးကောင်းရရှိ၍ တောင်သူများ အကျိုးအမြတ် ပိုမိုရရှိကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News