Local News

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ထောပတ်ပဲဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ထောပတ်ပဲဖြူများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မြောင်းမြမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြ၍ သိရသည်။ မြောင်းမြမြို့နယ် ပဲမျိုးစုံ ရောင်းဝယ်ရေးဈေးကွက်တွင် ဇန်နဝါရီလ တတိယပတ်ကစ၍ ထောပတ်ပဲဖြူများ ဝယ်ယူမှုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါထောပတ်ပဲဖြူများ ဝယ်ယူမှုအားကောင်းလာခြင်းမှာ ပြည်တွင်း ရန်ကုန်ဈေးကွက်က အဝယ်လိုက်လာခြင်းဖြစ်ကြောင်း သိရသည်။ “အခုဒေသဈေးကွက်မှာအခြားပဲတွေထက် ထောပတ်ပဲဖြူတွေ ဝယ်ယူမှုအားကောင်းနေပါတယ်။ ဇန်နဝါရီလ တတိယပတ်လောက်ကနေ ဝယ်ယူမှုအားကောင်းနေတာဖြစ်ပါတယ်။ ပြည်တွင်း ရန်ကုန်ဈေးကွက်က ထောပတ်ပဲဖြူတွေ အဝယ်လိုက်နေပြီး အရောင်းအဝယ်ကောင်းလာတာပါ။ အရောင်းအဝယ်ကောင်းမွန်လာတော့ ထောပတ်ပဲဖြူသိုလှောင်ထားတဲ့သူတွေ အဓိက အဆင်ပြေလာပါတယ်” ဟု မြောင်းမြမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ် ရေးပွဲရုံပိုင်ရှင်က ပြောပြသည်။ မြောင်းမြမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည့် ထောပတ်ပဲဖြူ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ထိ  ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ထောပတ်ပဲဖြူများ ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ပဲသိုလှောင်ထားသည့် လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်ထမ်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း ကောင်းနေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News