ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ပုစွန်အစုံ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဖြိုးက ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပုစွန်အစုံပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ပုစွန်အစုံပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသမှ ထွက်ရှိသည့် ပုစွန်များဝယ်ယူကာ စနစ်တကျ သန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ရန်ကုန်ဈေးကွက်က လပွတ္တာမြို့နယ်ကနေ ရေထွက်ကုန်တွေ တင်ပို့ရောင်းချတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်း ပုစွန်အစုံပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်က ပုစွန်တွေ ဝယ်ယူမှုများပြားနေတာကြောင့် အရောင်းအဝယ်ကောင်းခဲ့တာဖြစ်ပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်ဘော့ချိတ် တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ မှ ၁၉၅၀၀ ၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ မှ ၂၀၅၀၀ ၊ ပုစွန်ထုပ် တစ်ပိဿာလျှင် ငွေကျပ် ၃၄၀၀၀ မှ ၃၅၅၀၀ စသည်ဖြင့် လတ်ဆတ်မှုအပေါ် မူတည်ပြီး ဈေးအနိမ့်အမြင့် ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ