
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကို၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၅၂၃၃၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၆၂)ဧက ၊ မြစ်သားမြို့နယ်တွင် (၅၅၄၈၅)ဧက ၊ စုစုပေါင်း(၁၃၇၁၈၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် မိုးစပါးများအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန ၏စာရင်းများအရသိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း မိုးစပါးကို အရည်အသွေးကောင်း ၊ စျေးကောင်းရရှိသော ဧရာပဒေသာစပါး နှင့် မနောသုခစပါး မျိုးများကို အဓိကထား စိုက်ပျိုးကြ ကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲစိုက်ပျိုးမှုများကိုစိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်စုစုပေါင်း(၁၀၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခုအချိန်တွင် (မိုးစပါး)များ အားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့်(၇၅-၈၀)တင်းခန့်ထွက်ရှိကြောင်း၊(၁)ဧကအကျိုးမြတ်အနေဖြင့်(၁၂၀၀၀၀၀/-) ကျပ်ရရှိကြောင်း၊စပါးစိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။ယခုလက်ရှိစပါးစျေးနှုန်းအနေဖြင့်မနောသုခစပါး(မိုး)တင်း (၁၀၀)လျှင် (၁၇၀၀၀၀၀-၂၀၀၀၀၀၀) ကျပ် ၊ မနောသုခ ဆန်(သစ်) ၂၄ ပြည် တစ်အိတ်လျှင် (၅၅၀၀၀-၆၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် (၃၀၀၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာဆန်(သစ်) ၂၄ပြည် တစ်အိတ်လျှင် (၁၀၂၀၀၀-၁၀၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲစားများထံမှသိရှိရပါသည်။