ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ကန်စွန်းဥများ ဝယ်ယူအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျိုက်လတ်မြို့နယ်လယ်ယာထွက်ကုန် ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်တွင် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ ဒေသထွက်ကန်စွန်းဥများ အရောင်းအဝယ်ကောင်းမွန်နေပြီး ကန်စွန်းဥ တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ထိ ဈေးပေါက်နေကြောင်းသိရသည်။ “ကန်စွန်းဥ အမျိုးအစားမှာ မြန်မာကန်စွန်းဥနဲ့ ကိုရီးယားကန်စွန်းဥဆိုပြီး အမျိုးအစားနှစ်မျိုး ရှိပါတယ်။ ဒီဘက်ဒေသမှာတော့ ကန်စွန်းဥအမျိုးအစားနှစ်မျိုးစလုံးကို စိုက်ပျိုးတာတွေ့ရပါတယ်။ လက်ရှိတောင်သူတွေစိုက်ထားတဲ့ ကန်စွန်းဥတွေကတော့ စတင်ပေါ်နေပြီ ဖြစ်ပါတယ်။ အခုလို ကန်စွန်းဥတွေ အရောင်းအဝယ်ကောင်းမွန်နေတော့ စိုက်ပျိုးတဲ့ တောင်သူတွေ အဆင်ပြေလာတာတွေ့ရပါတယ်။ ဒီနှစ်ကန်စွန်းဥကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ အဝယ်လိုက်နေလို့ အရောင်းအဝယ်ကောင်းနေတာဖြစ်ပါတယ်” ဟု ကျိုက်လတ်မြို့နယ် လယ်ယာထွက်ကုန် ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။ ကျိုက်လတ်မြို့နယ်ရှိ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲပြီး ကန်စွန်းဥအပါအဝင် အခြားရာသီပေါ် သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ကန်စွန်းဥကို တောင်သူတစ်ဦးလျှင် တစ်ဧကမှ ငါးဧက စသည်ဖြင့် စိုက်ပျိုးကြပြီး ကန်စွန်းဥ တစ်ဧကစိုက်ပျိုးပါက ငွေကျပ် ၃၅၀၀၀၀ ကုန်ကျကာ အကျိုးအမြတ်အနေဖြင့် အပျက်အစီးမရှိပါက ငွေကျပ် ၉၀၀၀၀၀ ကျော်ထိ ရရှိကြောင်း ကျိုက်လတ်မြို့နယ်လယ်ယာထွက်ကုန် ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ