ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ငရုတ်ပွသီးများ အရောင်း အဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိဖြိုးက ပြောပြသည်။ မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ငရုတ်ပွသီးများ ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ယနေ့ထိ အရောင်းအဝယ်ကောင်းမွန်လာပြီး ငရုတ်ပွသီးများ တစ်ရက်လျှင် ပိဿာချိန် ၁၅၀ ကျော်ထိ အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။ “ရှမ်းပြည်နယ်ဘက်ကနေ မအူပင်မြို့နယ်ဘက်ကို ငရုတ်ပွသီးတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ စားသုံးသူလိုအပ်ချက်ကြောင့် အရောင်းအဝယ်ကောင်းလာတာပါ။ လက်ရှိ တစ်ရက်ကို ရောင်းအားအနေနဲ့ ပိဿာချိန် ၁၅၀ နဲ့အထက်မှာပဲ ရှိနေပါတယ်။ ဒီဘက်ဝင်ရောက်လာတဲ့ ငရုတ်ပွသီးတွေက လတ်ဆတ်ပြီး အရည်အသွေးကောင်း ပါတယ်” ဟု မအူပင်မြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိဖြိုးက ပြောပြသည်။ မအူပင်မြို့နယ်တွင် ရှမ်း ပြည်နယ်မှ ငရုတ်ပွသီးအပြင် လက်ဖက်ခြောက်၊ ကြက်သွန်နီ၊ အာလူး၊ ကြက်သွန်ဖြူ၊ ချင်း စသည့် ကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိကြောင်း၊ အဆိုပါ ငရုတ်ပွသီးများ အရောင်းအဝယ်ကောင်းနေခြင်းကြောင့် ငရုတ်ပွစိုက်သူများ၊ ကုန် စည်သယ်ယူတင်ပို့သည့် လုပ်ငန်းများ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ