Local News

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးရံ့ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးရံ့ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာလွင်က ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးရံ့များအပါအဝင် ဒေသရေထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ငါးရံ့ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ငါးရံ့ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဇန်နဝါရီလထဲမှာ ငါးရံ့တွေ ရန်ကုန်ဈေးကွက်ထဲကို သိသိသာသာ တင်ပို့မှုအားကောင်းခဲ့ပါတယ်။ ငါးရံ့တွေ တင်ပို့ရောင်းချမှု ကောင်းခဲ့တာကလဲ ပြည်တွင်းမှာကို ဝယ်ယူမှုအားကောင်းနေတာကြောင့် ဖြစ်ပါတယ်။ ဒေသထွက် ငါးရံ့တွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့တာပါ။ အခုလို ဝယ်ယူမှုကောင်းလာတော့ ငါးရံ့မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေ၊ သဘာဝအတိုင်း ငါးရံ့ရှာဖွေဖမ်းဆီးသူတွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းနေပါတယ်” ဟု သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးရံ့အသေး ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၀၊ ငါးရံ့ အလတ် ၁၀ ပိဿာလျှင် ငွေကျပ် ၁၆၅၀၀၀၊ ငါးရံ့အကြီး ၁၀ ပိဿာလျှင် ငွေကျပ် ၂၅၀၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News