Local News

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးမုတ် ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးမုတ် ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်နွယ်က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ငါးမုတ်ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ငါးမုတ်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်းသိရသည်။ “ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ငါးမုတ်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ငါးမုတ်တွေကို စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်ထဲ တင်ပို့ရောင်းချခဲ့ပါတယ်။ ဒီဘက်ကနေ တင်ပို့ရောင်းချတဲ့ ငါးမုတ်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေလို့ အရောင်းအဝယ်ကောင်းမွန်လာတာပဲ ဖြစ်ပါတယ်။ လပွတ္တာမြို့နယ်က ထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်ဒေါ်တင်နွယ်က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးမုတ်များအပါအဝင် ဒေသထွက်ရေထွက်ကုန်များကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ရန်ကုန်ဈေးကွက်မှ အခြားဒေသများသို့ ပြန်လည်တင်ပို့ ရောင်းချလျက်ရှိကြောင်း လက်ရှိတွင် ငါးမုတ် ၁၀ ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်နွယ်ထံမှ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News