မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပဲစင်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်းဖူးစသည့် သီးနှံများကို အများဆုံး စိုက်ပျိုးလျက်ရှိရာ မတ်ပဲသီးနှံ ကိုလည်း ချင်းတွင်းမြစ် ရေကျချိန်တွင် အများအပြားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မတ်ပဲသီးနှံကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းကာ ဇန်နဝါရီလတွင် ထွက်ပေါ်လျက်ရှိကြောင်း၊ မတ်ပဲသီးနှံစိုက်ပျိုးရာတွင် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းခြွေလှေ့ခ၊ လုပ်သားခအပါအဝင် မတ်ပဲသီးနှံ တစ်ဧကလျှင် ငွေကျပ် ၈-၉ သိန်းခန့် ကုန်ကျကြောင်း၊ ယခုနှစ် တွင် ရာသီဥတုကောင်းမွန်သောကြောင့် မတ်ပဲတစ်ဧကလျှင် အထွက်နှုန်း ၂၀-၃၀ တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ် တွင် မတ်ပဲစိုက်တောင်သူများ အနေဖြင့် အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်ရရှိသောကြောင့် နွေမတ်ပဲသီးနှံများကိုလည်း ဖေဖော်ဝါရီလတွင် ပြန်လည်စိုက်ပျိုးမည်ဖြစ်ကြောင်း မတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ