မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကော်ဖီသီးနှံ စိုက်ပျိုးမှုအနေဖြင့် စိုက်ဧက ၁၀၃၇၈ ဧကရှိကြောင်း သိရသည်။ ကော်ဖီသီးနှံကို မေ၊ ဇွန်နှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးပြီး ၃-၄ နှစ်ခန့်အကြာတွင် ကော်ဖီသီးများ စတင်သီး၍ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အသီးများ ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ကြားတန်းကြား လေးပေအကွာအဝေးဖြင့် စိုက်ပျိုးရပြီး တစ်ဧကလျှင် ကော်ဖီအပင်ရေ ၁၃၆၀ ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ကော်ဖီသီးနှံစိုက်ပျိုးရာတွင် ကုန်းမြင့်ကော်ဖီနှင့် မြေနိမ့်ကော်ဖီဟူ၍ ခွဲခြားစိုက်ပျိုးကြကြောင်း၊ ကုန်းမြင့်ကော်ဖီမှာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်တွင် စိုက်ပျိုးဖြစ်ထွန်းပြီး မြေနိမ့်ကော်ဖီမှာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂၀၀၀ တွင်သာ စိုက်ပျိုးနိုင်ကြောင်း၊ ပြင်ဦးလွင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်တွင် တည်ရှိသောကြောင့် ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးယားကော်ဖီမျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း တစ်ဧကလျှင် ပိဿာချိန် ၁၅၀ ခန့် ထွက်ရှိပြီး တောင်ကြီး၊ ရွာငံ၊ ကလော၊ ပြင်ဦးလွင်မြို့များရှိ ပွဲစားများက စိုက်ခင်း အရောက်လာရောက်ဝယ်ယူ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ