ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလ အတွင်း ငါးပြေမပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မာလာကပြောပြ၍သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကုန်အမျိုးမျိုး ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိပြီး စက်တင်ဘာလအတွင်း ငါးပြေမ ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်း ချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ငါးပြေမ ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင် ခဲ့ကြောင်းသိရသည်။ “ဒေသထွက် ငါးပြေမတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူအား ကောင်းခဲ့ပါ တယ်။ အောက်တိုဘာလအတွင်း ငါးပြေမ ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေကထက် ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ မော်လမြိုင် ကျွန်းမြို့နယ်ကနေ ငါးပြေမအပါအဝင် ရေထွက်ကုန်မျိုးစုံကို ရန်ကုန်ဈေးကွက်သို့ အများဆုံး တင်ပို့ရောင်းချနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာလာက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်၌ ငါးပြေမ ၁၀ ပိဿာလျင် ငွေကျပ် ၁၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်းသိရသည်။
Source: ရတနာပုံသတင်းစာ