ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလ အတွင်းငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ်ရေထွက်ကုန် ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ယုယုဝေက ပြောပြ၍သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ငါးရှဉ့်ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်း ချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါပြည်တွင်းမှ ငါးရှဉ့်များကို ပြည်ပဈေးကွက်သို့ တင်ပို့မှုအား ကောင်းလာသည့်အတွက် ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာခြင်းဖြစ် ကြောင်းသိရသည်။ “ငါးရှဉ့်တွေသိသိသာသာကို တင်ပို့မှုအားကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်လ အတွင်း ငါးရှဉ့် ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ငါးရှဉ့်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် အခြားပြည်တွင်း၊ ပြည်ပဈေးကွက်တွေဆီ ဆက်လက်ဖြန့်ဖြူးရောင်းချတာပါ” ဟု မအူပင်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုယုဝေက ပြောြပသည်။ မအူပင်မြို့နယ် တွင် အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးရှဉ့် ၁၀ ပိဿာလျှင် ငွေကျပ် ၁၃၅၀၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း၊ အဆိုပါဒေသတွင် ငါးရှဉ့်မွေးမြူရေးလုပ်ငန်းနှင့် သဘာဝအတိုင်း ချောင်း၊အင်းအိုင်၊မြောင်းလယ်ကွင်းများမှ ရှာဖွေဖမ်းဆီးရရှိသည့် ငါးရှဉ့်များထွက်ရှိကြောင်း၊ ဒေသ ထွက်ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီး ရန်ကုန်ဈေးကွက်မှ တစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ