Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း လယ်ငါးခူပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း လယ်ငါးခူပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက လယ်ငါးခူပိဿာချိန် ၆၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ လယ်ငါးခူပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တစ်လအတွင်း လယ်ငါးခူပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကနေ ဝယ်ယူမှုအပေါ်မူတည်ပြီး တင်ပို့ရောင်းချနေပါတယ်။ လက်ရှိအချိန်က ပန်းတနော်မြို့နယ်မှာ လယ်ငါးခူတွေ ထွက်ရှိ နေတဲ့အချိန်ပါ။ ဒီလယ်ငါးခူက ပြည်တွင်းမှာကို စားသုံးမှုများတဲ့ငါး ဖြစ်ပါတယ်။ ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို လယ်ငါးခူတွေတင်ပို့ ရောင်းချနေပါတယ်” ဟု ပန်းတနော်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချသည့် လယ်ငါးခူ ၁၀ ပိဿာလျှင် ငွေကျပ် ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ လယ်ငါးခူများကို စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လယ်ငါးခူများ ဝယ်ယူမှု အားကောင်းလာသည့်အတွက် ငါးခူမွေးမြူသူများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းနေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News