ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးသလောက်ပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ဝေဝေက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ငါးသလောက် ပိဿာချိန် ၆၄၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ ငါးသလောက်ပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ငါးသလောက်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမမှုများပြားနေကြောင်း သိရသည်။ “ဒေသထွက် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက် ထဲ ပုံမှန်အဆင်ပြေပြေ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း ငါးသလောက်ပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ ရောင်းချခဲ့တဲ့ ငါးသလောက်ကလဲ လတ်ဆက်မှုနဲ့အရွယ်အစား အလေးချိန်အပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိ ပါတယ်။ လက်ရှိလဲ ငါးသလောက်တွေအဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေ တင်ပို့တဲ့ငါးသလောက်တွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကို ပြန်လည်တင်ပို့ရောင်းချနေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်း များရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေက ပြောပြသည်။ ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ငါးသလောက်အသေး တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀၊ အလတ် တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀၀ မှ ၃၅၅၀၀၊ အကြီး တစ်ပိဿာလျှင် ငွေ ကျပ် ၅၅၀၀၀ မှ ၇၅၀၀၀ ထိ အရွယ်အစားအပေါ်မူတည်ကာ ဈေးကွက်အပြောင်းအလဲရှိကြောင်း သိရသည်။ အဆိုပါ ဖျာပုံမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် ငါးသလောက်များ အရောင်းအဝယ်ကောင်းမွန်လာပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချနေရသည့်အတွက် ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သည့် လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ