ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒေသထွက် အုန်းသီးနု အလုံးရေ ၅၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးမြင့်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အုန်းသီးနုအလုံးရေ ၄၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ အုန်းသီးနု အလုံးရေ ၅၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့ရသည့် အုန်းသီးနု အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၉၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကနေထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိက တင်ပို့ရောင်းချပါတယ်။ ရန်ကုန်ဈေးကွက်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ အုန်းသီးနုတွေ ဝယ်ယူမှုအားကောင်းခဲ့ပါတယ်။ အုန်းသီးနု အလုံးရေ ၅၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ ရပါတယ်။ လက်ရှိဇန်နဝါရီလထဲမှာလဲ အုန်းသီးနုတွေဝယ်ယူမှု အားကောင်းနေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးမြင့် က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အုန်းသီးနုများ ပိုမိုတင်ပို့ရောင်းချနေရသည့်အတွက် ပွဲရုံလုပ်ငန်းရှင်များ၊ အုန်းသီးစိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ကုန်ထမ်းလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိအဆင်ပြေနေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ