Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးသလဲထိုး ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးသလဲထိုး ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ပြောပြသည်။ ဘိုကလေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ငါးသလဲထိုး ပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးသလဲထိုး ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးသလဲထိုးတစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဘိုကလေးမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ငါးသလဲထိုး ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကိုပဲ ရေထွက်ကုန်တွေကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ လက်ရှိမှာလဲ ဒေသထွက် ရေထွက်ကုန်တွေထဲက ငါးသလဲထိုးကို ရန်ကုန်ဈေးကွက်က မှာယူနေသလို နောက်ထပ်လဲ မှာယူမှုတွေလဲ ရှိပါတယ်။ ကုန်ချိန်အများအပြား တင်ပို့ရတော့ လုပ်သားတွေအပါအဝင် ငါးရောင်းဝယ်ရေးလုပ်ငန်းတွေ အဆင်ပြေတာပေါ့” ဟု ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးများ အပါအဝင် ရေထွက်ကုန်များတင်ပို့အား ကောင်းလာသည့်အတွက် ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ရေလုပ်သားများ၊ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News