ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ခုံးပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြသည်။ ဘိုကလေးမြို့နယ်တွင် ခုံးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ခုံးပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်နေ့ထိ ခုံးပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ခုံးတွေအဝယ်လိုက်နေပါတယ်။ ပြီးခဲ့တဲ့လထဲမှာ ခုံးပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိဒီဇင်ဘာလထဲမှာလဲ ခုံးတွေကို ရန်ကုန်ဈေးကွက်ထဲ အများအပြား တင်ပို့ရောင်းချနေရပါတယ်။ ဒီဘက်ကနေထွက်တဲ့ ခုံးတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ အခုလို အရောင်းအဝယ်တွေ ကောင်းနေတော့ရေလုပ်သားတွေ၊ ကုန်သည်တွေအလုပ်အကိုင်အခွင်းအလမ်းတွေရရှိပြီး အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြသည်။ ဘိုကလေးမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုး၊ ကဏန်းများအပြင် ဒေသထွက်ခုံးများကိုပါ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ခုံးတစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ မှ ၁၉၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ