အမေရိကန်နိုင်ငံ၏ U.S. Steel Corporation အား ဂျပန်နိုင်ငံ၏ Nippon Steel Corporation က အမေရိကန်ဒေါ်လာ (၁.၄)ဘီလီယံဖြင့် ဝယ်ယူလိုမှုအပေါ် သမ္မတဂျိုးဘိုင်ဒင်က တားမြစ်မိန့် ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်၊ သံမဏိလုပ်သားသမဂ္ဂဥက္ကဋ္ဌ Mr. Dave McCall နှင့် ပြိုင်ဖက်ကုမ္ပဏီ Cleveland-Cliffs ၏ အမှုဆောင်အရာရှိချုပ် Mr. Lourenco Goncalves တို့ ပူးပေါင်း၍ ဝယ်ယူမှုကို ရပ်တန့်အောင်ပြုလုပ်ခြင်းဖြစ်သည်ဟုစွပ်စွဲကာ ၆-၁-၂၀၂၅ ရက်တွင် U.S. Steel နှင့် Nippon Steel ကုမ္ပဏီနှစ်ခုက ကိုလံဘီယာခရိုင် အယူခံတရားရုံး (D.C. Circuit Court of Appeals)၌ အမှုဖွင့်ခဲ့ပြီး ကုမ္ပဏီနှစ်ခုက သမ္မတဂျိုးဘိုင်ဒင်၏ဆုံးဖြတ်ချက်ကို ဘေးဖယ်ထားရန် အယူခံတရားရုံးသို့ လျှောက်ထားခဲ့သည့်အပြင် အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပသည့်ခုနှစ် ဖြစ်သဖြင့် ဝယ်ယူမှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးဆိုင်ရာသုံးသပ်မှုလုပ်ငန်းစဉ်များက ဝင်နှောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း တရားရုံးသို့တင်ပြရာတွင် ဖော်ပြခဲ့ပါသည်။ အမှုဖွင့်ဆိုရာတွင် အမေရိကန်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မတီ (Committee on Foreign Investment in the U.S., CFIUS)၊ ဘဏ္ဍာရေးဝန်ကြီးနှင့် ရှေ့နေချုပ်တို့၏အမည်ကိုပါ ကုမ္ပဏီနှစ်ခုက ထည့်သွင်းဖော်ပြခဲ့ ပါသည်။ CFIUS သည် အမေရိကန်ကုမ္ပဏီများရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ၏အမျိုးသား လုံခြုံရေးအပေါ်အန္တရာယ်ရှိ/မရှိကို စစ်ဆေးသည့် ဖက်ဒရယ်အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီ နှစ်ခုက အယူခံတရားရုံး၌အမှုဖွင့်ရာတွင် ဝယ်ယူမှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေး ဆိုင်ရာ လေ့လာသုံးသပ်မှုအသစ်ပြုလုပ်ရေး အယူခံဝင်လိုကြကြောင်းလည်း ဖော်ပြထားပါသည်။
ထို့အပြင် Pittsburgh မြို့ရှိ ဖက်ဒရယ်တရားရုံးတွင် Cleveland-Cliffs ၏ အမှုဆောင် အရာရှိချုပ် Mr. Lourenco Goncalves နှင့် သံမဏိလုပ်သားသမဂ္ဂဥက္ကဋ္ဌ Mr. Dave McCall တို့အား Nippon Steel ၏ဝယ်ယူမှု မဖြစ်မြောက်စေရန် ဈေးကွက်အတွင်းယှဉ်ပြိုင်မှုကိုဆန့်ကျင်ပြီး တရားမဝင်သည့်လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲလျက် သီးခြားအမှု ဖွင့်ဆိုခဲ့ပါသည်။ ကုမ္ပဏီနှစ်ခု၏ တိုင်ကြားစာတွင် သမ္မတနှင့် CFIUS တို့သည် သမ္မတ၏ပုဂ္ဂိုလ်ရေးရာ နိုင်ငံရေး ရည်မှန်းချက်ကို ဖော်ဆောင်ရန်အလို့ငှာ အမေရိကန်၏အမျိုးသားလုံခြုံရေးကိုကာကွယ်ခြင်းဟူသော အရေးကြီးသည့်ယန္တရားတစ်ခုအသွင် ညှိနှိုင်းမှုပြုလုပ်လျက်မရိုးမဖြောင့်လုပ်ဆောင်ခဲ့သည်ဟုလည်း ဖော်ပြထားပါသည်။
အမေရိကန်အစိုးရသည် ဂျပန်နိုင်ငံ၏ Nippon Steel Corporation က အမေရိကန်နိုင်ငံ၏ U.S. Steel Corporation အား ဝယ်ယူမည့်အဆိုပြုချက်နှင့်ပတ်သက်၍ ၁၉၅၀ ပြည့်နှစ် ကာကွယ်ရေး သုံးပစ္စည်းထုတ်လုပ်မှုအက်ဥပဒေ (Defense Production Act of 1950)၊ အပိုဒ် ၇၂၁ အရ တားမြစ်ကြောင်းအမိန့်ကို ၃-၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းအမိန့်တွင် U.S. Steel Corporation အား ဝယ်ယူရန်အဆိုပြုချက်သည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေရန် ခြိမ်းခြောက်မှုများဖြစ်လာနိုင်သဖြင့် တားမြစ်ကြောင်း၊ ဝယ်သူသည် ၎င်း၏အစုရှယ်ယာ ရှင်များ၊ အစုရှယ်ယာရှင်များနှင့်နီးစပ်သူ၊ ကြားခံပုဂ္ဂိုလ် သို့မဟုတ် နိုင်ငံခြားသား အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်များမှတစ်ဆင့်သော်လည်းကောင်း၊ ဝယ်သူ၏မိတ်ဖက်၊ လက်အောက်ခံ သို့မဟုတ် ကုမ္ပဏီခွဲ တို့မှတစ်ဆင့်သော်လည်းကောင်း ဝယ်သူ နှင့် U.S. Steel တို့ အကြား ဝယ်ယူမှုဖြစ်မြောက်စေသည့် လွှဲပြောင်းမှုများကိုပါ တားမြစ်ကြောင်း၊ ဝယ်သူနှင့် U.S. Steel တို့သည် အမိန့်ထုတ်ပြန်သည့် ၃-၁-၂၀၂၅ ရက်မှ ရက်ပေါင်း (၃၀) အတွင်း အဆိုပြုဝယ်ယူမှုကို အလုံးစုံနှင့် အပြီးတိုင်စွန့်လွှတ်ရမည် ဖြစ်ပြီး ယင်းသို့နှစ်ဘက်စလုံးမှ စွန့်လွှတ်ကြောင်း တရားဝင်အထောက်အထားကို အမေရိကန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီ (Committee on Foreign Investment in the United States, CFIUS)သို့ ပေးအပ်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
အမေရိကန်နိုင်ငံ၏ U.S. Steel Corporation အား ဝယ်ယူမှုကို တားမြစ်မိန့်နှင့်ပတ်သက်၍ ၃-၁-၂၀၂၅ ရက်၌ သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်တွင် သံမဏိထုတ်လုပ်မှုနှင့် သံမဏိလုပ်သားများ သည် အမေရိကန်နိုင်ငံ၏ကျောရိုးဖြစ်ပြီး ပြည်တွင်း၌ အမေရိကန်နိုင်ငံသားပိုင် သံမဏိစက်ရုံ တည်ရှိခြင်းသည် အရေးပါသည့် အမျိုးသားလုံခြုံရေးဆိုင်ရာဦးစားပေးမှုဖြစ်သကဲ့သို့ ခံနိုင်စွမ်းရှိသော ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် (Supply Chain) ဖြစ်လာစေရန် အလွန်အဓိကကျကြောင်း၊ သံမဏိထုတ်လုပ်မှုသည် နိုင်ငံ၏အခြေခံအဆောက်အအုံ၊ မော်တော်ယာဉ်ကဏ္ဍနှင့် ကာကွယ်ရေး စက်မှုလုပ်ငန်းများအတွက် အင်အားတစ်ရပ်ဖြစ်သဖြင့် ပြည်တွင်းသံမဏိစက်ရုံနှင့် သံမဏိလုပ်သား များမရှိလျှင် နိုင်ငံအနေဖြင့် လုံခြုံမှုအားနည်းကာ နိုင်ငံတစ်နိုင်ငံအနေဖြင့် သန်မာမှုလည်းလျော့နည်း လာမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ အကြီးဆုံးသံမဏိထုတ်လုပ်သည့်စက်ရုံကို နိုင်ငံခြားသား ထိန်းချုပ်မှုအောက်တွင်ထားရှိခြင်းဖြင့် နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေး ကွင်းဆက်အပေါ် အန္တရာယ်ဖြစ်စေနိုင်သည်ဟု ယူဆသဖြင့် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား ပါသည်။