အမေရိကန်နိုင်ငံ၏ အကောက်ခွန်ကောက်ခံမှုကို တုံ့ပြန်နိုင်သည့်အင်အား တရုတ်နိုင်ငံတွင် အကန့်အသတ်ဖြင့်သာရှိကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၆-၁-၂၀၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲနောက်ပိုင်း တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပါက တရုတ်နိုင်ငံ၌စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော အမေရိကန်ကုမ္ပဏီများကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် နေ့စဉ်သုံးထုတ်ကုန်များအတွက် လိုအပ်သော သတ္တုများတင်ပို့မှုပိတ်ဆို့ခြင်းဖြင့် ပြန်လည်တုံ့ပြန်မည့်နည်းလမ်းကို ဖော်ဆောင်လျက်ရှိပါသည်။ သို့ရာတွင် ယင်းနည်းလမ်းကို အသုံးပြုခြင်းသည် တရုတ်နိုင်ငံအပေါ် တန်ပြန်အန္တရာယ်ဖြစ်စေနိုင်ပြီး အရေးပါသည့်တွင်းထွက်သတ္တုများ (Critical minerals)နှင့် အခြားအရေးပါသည့်ပစ္စည်းများကို ပို့ကုန်ကန့်သတ်ခြင်းသည် အမေရိကန်နှင့် ၎င်းတို့၏မိတ်ဖက်နိုင်ငံများက တရုတ်နှင့်ကုန်သွယ်ရေး ဖြတ်တောက်ရန် နှစ်ဆတိုး၍ ပြုလုပ်လာနိုင်ပါသည်။ ၂၀၁၈ ခုနှစ်တွင် ဒေါ်နယ်ထရမ့်က တရုတ် သွင်းကုန်များအပေါ် အကောက်ခွန်ကောက်ခံခဲ့ရာ တရုတ်ကလည်း အမေရိကန်နိုင်ငံမှတင်ပို့သည့် စားသောက်ကုန်၊ ဓာတုပစ္စည်းနှင့် အထည်အလိပ်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံကာ တုံ့ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် အရေးကြီးတွင်းထွက်သတ္တုထုတ်လုပ်မှုနှင့် သန့်စင်မှုလုပ်ငန်းများ ကို လွှမ်းမိုးချုပ်ကိုင်ထားသော်လည်း အဆိုပါ တွင်းထွက်သတ္တုဖြန့်ဖြူးရောင်းချသည့်နိုင်ငံမှာ တရုတ် နိုင်ငံတစ်နိုင်ငံတည်းသာမဟုတ်ဘဲ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် Gallium ကုန်ကြမ်းကို ကနေဒါနိုင်ငံမှ အများဆုံးဝယ်ယူခဲ့ပြီး Processed Germanium အဓိကဖြန့်ဖြူးရောင်းချသည့်နိုင်ငံမှာ ဂျာမနီနိုင်ငံဖြစ်ကြောင်း အမေရိကန်သန်းခေါင် စာရင်းဗျူရိုက ထုတ်ပြန်ခဲ့ပါသည်။ ယင်းသတ္တုနှစ်မျိုး လုံးသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor)၊ ဒုံးကျည်စနစ်နှင့် ဆိုလာပြားများထုတ်လုပ်ရာ တွင် အဓိကအရေးပါသည့် သတ္တုများဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အရေးကြီးတွင်းထွက် သတ္တုဈေးကွက်ကို လွှမ်းမိုးနိုင်သည့်အကြောင်းအရင်းမှာ ယင်းသတ္တုများကိုလျှော့ဈေးဖြင့် ရောင်းချ၍ ပြိုင်ဖက်နိုင်ငံများအပေါ် စီးပွားရေးတွက်ခြေမကိုက်အောင် ပြုလုပ်ခြင်းကြောင့်ဖြစ်ရာ တရုတ်နိုင်ငံက ယင်းသတ္တုများကို ပို့ကုန်ကန့်သတ်လိုက်ခြင်းဖြင့် ဈေးနှုန်းမြင့်တက်စေပါသည်။ သို့ရာတွင် တရုတ်နိုင်ငံက ပို့ကုန်ကန့်သတ်လိုက်ပါက အမေရိကန်အနေဖြင့် တတိယနိုင်ငံများမှ ၎င်းလိုအပ်သည့် တွင်းထွက်သတ္တုများကို တင်သွင်းမည်ဖြစ်ပြီး တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများကို ပြစ်ဒဏ်ပေး ခြင်းသည် ယခင်ကပြုလုပ်ခဲ့သကဲ့သို့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်မည်မဟုတ်တော့ပါ။ ထို့အပြင် တရုတ်နိုင်ငံ၌ အနောက်နိုင်ငံထုတ်ကုန်အမှတ်တံဆိပ်များအစား ပြည်တွင်းထုတ်အမှတ်တံဆိပ်များ ကိုသာ အားပေးလာကြရာ အမေရိကန်ကုမ္ပဏီများသည် တရုတ်နိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲ လာပြီး တရုတ်ဈေးကွက်သည် အမေရိကန်ကုမ္ပဏီများအတွက် အရေးပါမှုလျော့ကျလာခဲ့ပါသည်။
တရုတ်နိုင်ငံသည် တန်ဖိုးနည်းပြီး နည်းပညာအဆင့်နိမ့်သောထုတ်ကုန်ပစ္စည်းများကို အသုံးပြုလျက် အဆိုပါအခြေအနေကိုပြန်ပြောင်းလဲနိုင်သည်ဟု လေ့လာသူအချို့ကသုံးသပ်ကြပြီး တရုတ်နိုင်ငံထုတ် နေ့စဉ်သုံးစက်မှုထုတ်ကုန်များ လျော့နည်းလာခြင်းကြောင့် အမေရိကန်စားသုံးသူ များကို ဒေါ်သထွက်စေနိုင်ရာ ယင်းအချက်သည်ဒေါ်နယ်ထရမ့်အတွက် နိုင်ငံရေးအကျိုးအမြတ်ရရှိရန် လျော့ကျစေနိုင်သည်။ ထို့အပြင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ငွေတိုက်စာချုပ် ဒုတိယ အများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ (၇၈၀) ဘီလီယံအထိ လက်ဝယ်ပိုင်ဆိုင်မှု ရှိပါသည်။ အကယ်၍ ကုန်သွယ်ရေးပဋိပက္ခများဖြစ်လာပါက တရုတ်နိုင်ငံအနေဖြင့် ငွေတိုက်စာချုပ်များကိုအသုံးပြုလျက် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများ ဖြစ်လာရန်လုပ်ဆောင်နိုင်ပြီး ဘဏ္ဍရေးဆိုင်ရာအကျပ်အတည်းဖြစ်လာလျှင် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားဗဟိုဘဏ်များနှင့် ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့ပိုင်ဆိုင်သည့် ငွေတိုက်စာချုပ်များကို ထုတ်ရောင်းခဲ့ခြင်းကြောင့်ဖြစ်ပေါ်ခဲ့သည့်အကျပ်အတည်းကို အမေရိကန်ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ (၁) ထရီလီယံတန်ဖိုးရှိ ငွေတိုက်စာချုပ်များကို ဝယ်ယူကာဖြေရှင်းခဲ့ခြင်းသည့် ဖြစ်ရပ်များ လည်းရှိခဲ့ရာ အမေရိကန်နိုင်ငံ၏ အကောက်ခွန်ကောက်ခံမှုကို တုံ့ပြန်ရန်မည်သို့ဆောင်ရွက်မည်ကို တရုတ်နိုင်ငံအနေဖြင့် သေချာစွာသတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။