အစားအစာလုံခြုံစိတ်ချရမှု အကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံ၏ သကာရည် ပို့ကုန်များအပေါ် ဘေဂျင်း၏ လတ်တလောပိတ်ဆို့မှုသည် ထိုင်းသကြားထုတ်လုပ်သူများအတွက် ထိခိုက်မှုရှိမည်မဟုတ် ဟု စက်မှုဝန်ကြီးဌာနက ယုံကြည်လျက်ရှိကြောင်း ကြံနှင့် သကြားဘုတ်အဖွဲ့ရုံးက ပြောကြားချက်အရ သိရှိရပါသည်။
ထိုင်းစက်ရုံများ၏ ကျန်းမာရေးနှင့်ညီညွတ်မှုစံနှုန်းများသည် ပိတ်ဆို့ရသည့် အဓိက အကြောင်း ပြချက် ဖြစ်သော်လည်း ထိုင်းနိုင်ငံမှ တိုးမြှင့်တင်ပို့လျက်ရှိသည့် သကာရည်ပို့ကုန်များအပေါ် ကုန်သွယ် ရေး ပိတ်ဆို့မှုများဖြစ်စေပါကြောင်း၊ ထိုင်းသကြားထုတ်လုပ်သူများသည် ကမ္ဘာ့အနှံ့အပြားရှိ နိုင်ငံများ စွာသို့ တင်ပို့လျက်ရှိရာ ဝယ်ယူသူများ ဖြန့်ကျက်ထားသဖြင့် ပိတ်ဆို့ခြင်းကြောင့် ထိုင်းသကြားထုတ် လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်မှုမဖြစ်လာနိုင်ပါကြောင်း၊ ပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ စက်မှု ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း ဆွေးနွေးလျက်ရှိပါကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့သည့် သကာရည်အပေါ်တွင် အခွန်ကင်းလွတ်ခွင့်ရရှိပါကြောင်း၊ ဘေဂျင်းသည် သကာရည်တင်သွင်းမှုမြင့်တက်လာပြီး ၎င်း၏ သကြားစက်မှုကဏ္ဍထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ကြောင်း ဘုတ်အဖွဲ့ရုံး အထွေထွေအတွင်းရေးမှူးချုပ် Mr. Bainoi Suwanchatree က သုံးသပ် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ သကာရည်တင်သွင်းမှုသည် နှစ်စဉ်မြင့်တက်လာလျက်ရှိသောကြောင့် တရုတ် သကြားထုတ်လုပ်သူများနှင့် ကြံစိုက်တောင်သူများကို အကာအကွယ်ပေးရန်အတွက် တင်သွင်းလာ သော သကာရည်အပေါ် Safeguard အစီအမံမည်ဟု မမျှော်လင့်ထားပါကြောင်း၊ တရုတ်သည် ထိုင်း နိုင်ငံကို ပို့ကုန်အခြေစိုက်အဖြစ် အသုံးပြု၍ အခွန်တိမ်းရှောင်နေသော တရုတ်ကုမ္ပဏီများကိုလည်း ဖော်ထုတ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံသို့ သကာရည်ထုတ်ကုန်မတင်ပို့မီ ထိုင်းသကြား ထုတ်လုပ် သူများထံမှ သကြားကို ဝယ်ယူကြောင်း ကုမ္ပဏီများက အစီရင်ခံထားပါကြောင်း၊ တရုတ်သည် ထိုင်း နှင့် ဘရာဇီးမှ သကာရည်တင်သွင်းလျက်ရှိသော ထိပ်တန်းဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ သည် စက်ရုံ ၅၈ ရုံဖြင့် လည်ပတ်၍ ကမ္ဘာ့တတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်ပြီး ဘရာဇီးက ပထမနှင့် ဩစတြေးလျက ဒုတိယ ဖြစ်ကြောင်း Mr. Bainoi က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် လွန်ခဲ့သော ၇ နှစ်၊ ၈ နှစ်ခန့်မှစ၍ တရုတ်နိုင်ငံသို့ သကာရည်တင်ပို့ခဲ့ပြီး ကနဦး တွင် ၁ နှစ်လျှင် တန်ချိန် ၁၀၀,၀၀၀ တင်ပို့ခဲ့ပါကြောင်း၊ ပမာဏသည် မြင့်တက်လာလျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၆၀၀,၀၀၀- ၇၀၀,၀၀၀ သို့ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁.၂ သန်းထိ ရောက်ရှိခဲ့ကြောင်း၊ ဘေဂျင်းသည် ထိုင်းနိုင်ငံမှ သကာရည်တင်သွင်းမှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နေ့မှစ၍ ပိတ်ဆို့ခဲ့သဖြင့် ဘတ် ၄၀၀ သန်း တန်ဖိုးရှိသည့် သကာရည်များ တင်ဆောင်ထားသည့် ထိုင်း ကုန်တင်သင်္ဘောများသည် တရုတ်ကမ်းရိုးတန်းတွင် သောင်တင်နေခဲ့ကြောင်း ဘုတ်အဖွဲ့၏ ပြောကြား ချက်အရ သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။