International News

ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာသော Shine Muscat အမျိုးအစား စပျစ်သီးများသည် စားသုံးရန် လုံခြုံမှုစံနှုန်းများနှင့် ကိုက်ညီကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ဖော် ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံသို့ တင်သွင်းလာသော Shine Muscat အမျိုးအစား စပျစ်သီးများအားလုံးသည် စားသုံးရန် စိတ်ချရသည့် Hold၊ Test၊ Release (HTR) အစီအမံများနှင့် ကိုက်ညီကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

တန်ဖိုး ဘတ် ၃.၀၅ သန်းရှိသော စပျစ်သီး တန်ချိန် ၆.၉၃ တန်ကို ဓာတုဓာတ်ကြွင်းရှိ၊မရှိ စစ်ဆေးခဲ့ရာ သစ်သီးများအားလုံးသည် စံသတ်မှတ်ချက်များအားလုံးနှင့်ကိုက်ညီသဖြင့် တင်သွင်းရန် နှင့် ပြည်တွင်းရောင်းချရန် ခွင့်ပြုခဲ့ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် တင်သွင်းလာသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ နိုင်ငံအတွင်း တင်ပို့ပြီးနောက် ၂၄ နာရီအတွင်း စိုက်ပျိုးရေးဆိုင်ရာ ဓာတုဓာတ် ကြွင်းများ ရှိ၊ မရှိ ISO 17025 ဓာတ်ခွဲခန်းများတွင် HTR အပါအဝင် စစ်ဆေးမှုအစီအမံများ ဆောင်ရွက် ပါကြောင်း၊ ဓာတ်ကြွင်းများသည် လုံခြုံစိတ်ချရသည့် အဆင့်ထက် ကျော်လွန်နေပါက ယင်းပစ္စည်းများ နိုင်ငံအတွင်း ဝင်ရောက်မှုကို ပိတ်ပင်သွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Lertchai Lertvut က ပြောကြားခဲ့ပါသည်။

တင်သွင်းသူများအနေဖြင့် တင်သွင်းကုန်စည်များသည် ထိုင်းနိုင်ငံ၏ ဥပဒေစံနှုန်းများနှင့် ကိုက်ညီရန်နှင့် သေချာသောရင်းမြစ်များမှ ဖြစ်စေရန် တိုက်တွန်းလိုကြောင်း၊ တင်သွင်းကုန်စည်များ ၏ လုံခြုံစိတ်ချရမှုကို မြှင့်တင်နိုင်ရေး နိုင်ငံခြားသံရုံးများနှင့် ဆွေးနွေးသွားမည် ဖြစ်ပြီး နမူနာများနှင့် ကျပန်းစစ်ဆေးမှုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စစ်ဆေးရေးဂိတ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Lertchai ဖြည့်စွက်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News