ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်အေးအေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဆန်ကွဲ ၂၄ ပြည်ဝင်ရေ ၄၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက်ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုအားကောင်းလျက်ရှိကြောင်း သိရသည်။ “ဘိုကလေးမြို့နယ်ကနေ ဆန်ကွဲတွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချပါတယ်။ ဒီဘက်က ဆန်ကွဲအိတ်တွေကို ကုန်တင်ကားတွေနဲ့ တင်ပို့ရောင်းချတာများပါတယ်။ ဆန်ကွဲတွေ အောက်တိုဘာလရဲ့ ပထမပတ်လောက်ကနေစတင်ပြီး ဝယ်လိုအား သိသိသာသာတက်ခဲ့တာဖြစ်ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက အဆက်မပြတ်တင်ပို့ ရောင်းချနေပါတယ်။ အခုလို အခက်အခဲမရှိ အဆင်ပြေပြေ တင်ပို့ရောင်းချနေရလို့ ကုန်သည်တွေ အဆင်ပြေပါတယ်” ဟု ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၄၇၅၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါဆန်ကွဲများ တင်ပို့ရောင်းချအားကောင်းလာခြင်းကြောင့် ဆန်စပါးရောင်းဝယ်ရေးကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရသည်။
Source: ရတနာပုံသတင်းစာ