International News

ထိုင်းနိုင်ငံအတွင်း၌ ဆန်ရောင်းလိုအားနှင့် ဝယ်လိုအား မျှတမှုရှိစေရေးအတွက် ဆောင်ရွက်သွားမည့် ဈေးနှုန်းအစီအမံအပေါ် ဆန်မူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံအတွင်း၌ စပါးရိတ်သိမ်းရာသီအတွင်း ပိုလျှံမှုကြောင့် ဆန်ဈေးနှုန်း ကျဆင်းမှုမရှိစေ ရေးအတွက် ဝယ်လိုအားနှင့် ရောင်းလိုအားအကြား မျှတမှုကို ထိန်းထားရန် ဈေးနှုန်းအစီအမံ ၃ ခုကို ဆန်မူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

ပထမ အစီအမံမှာ ဘတ် ၈.၃၆ ဘီလီယံ စပါးအပေါင်ခံခြင်း (Rice-pledging) အစီအစဉ် ဖြစ်ပြီး ၁ တန်လျှင် ဘတ် ၁,၅၀၀ အစိုးရက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ဘတ် ၁,၅၀၀ တွင် ဘတ် ၁,၀၀၀ သည် အပေါင်ခံထားသော စပါးများ ကိုင်တွယ်ခြင်းနှင့် ကျန်ပမာဏသည် အပေါင်ထားသော တောင်သူများထံသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ဆောင်ရွက်မည်ဖြစ်ပြီး တောင်သူများအနေဖြင့် ၎င်းတို့၏ စပါးများကို ၁ လမှ ၅ လအတွင်း ထားရှိနိုင်ကြောင်း၊ အစီအစဉ်တွင် ပါဝင်နေစဉ်အတွင်း တောင်သူများသည် ၁ တန်လျှင် ဘတ် ၉,၀၀၀ မှ ဘတ် ၁၂,၅၀၀ ကို စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်ထံမှ ချေးငွေရယူနိုင်ကြောင်း သိရှိရ ပါသည်။

ဒုတိယအစီအမံမှာ အစိုးရနှင့်သဘောတူညီထားသည့် ပမာဏရရှိစေရေးအတွက် တောင်သူများ ထံမှ ဆန်စပါးများ စုစည်းပေးမည့် ဆန်စပါးတောင်သူအသင်းသို့ ပေးအပ်မည့် ချေးငွေ ဖြစ်ကြောင်း၊ အစီအစဉ်အရ ဆန် တန်ချိန် ၁ သန်းအတွက် ဘတ် ၆၅၆.၂၅ သန်း လျာထားပါကြောင်း၊ ပူးတွဲဆောင် ရွက်သည့် အစီအစဉ်အရ ချေးငွေအပေါ် ဘဏ်အနေဖြင့် ၁ ရာခိုင်နှုန်းနှင့် အစိုးရအနေဖြင့် ၃.၅ ရာခိုင် နှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ဖြစ်ပြီး အတိုးထောက်ပံ့မှုသည် ၁၅ လအများဆုံးဖြစ်ကြောင်း၊ နောက်ဆုံး အစီအမံ ၁ ခုမှာ ဆန်စပါး အပေါင် အစီအစဉ်တွင် ပါဝင်သော သိုလှောင်ရုံလုပ်ငန်းရှင်များက ပေးရသော ချေးငွေအတိုးအပေါ် ၃ ရာခိုင်နှုန်း ထောက်ပံ့ပေးသည့် ပူးတွဲဆောင်ရွက်မည့် အစီအစဉ်ဖြစ်ကြောင်း၊ သိုလှောင်ရုံလုပ်ငန်းရှင်များက ငွေကြေးထောက်ပံ့မှုအပေါ် အလဲအလှယ်အဖြစ် ဆန်များကို ၂ လမှ ၆ လအထိ သိုလှောင်ထိန်းသိမ်း ပေးထားရန်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News