International News

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) မှာ ဂျပန်နိုင်ငံကို ကျော်လွန်နိုင်ဖွယ်ရှိ

Last Updated:

ဂျပန်နိုင်ငံတွင် စီးပွားရေးတုံ့ဆိုင်းနေခြင်းနှင့် ယန်းငွေတန်ဖိုး ကျဆင်းနေခြင်း တို့ကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) မှာ ဂျပန်နိုင်ငံကို ကျော်လွန်ကာ ကမ္ဘာ့စီးပွားရေးအဆင့် ၄ နေရာသို့ ရောက်ရှိပြီး၊ ဂျပန် နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးအဆင့် ၅ နေရာသို့ အဆင့်လျော့ကျသွားနိုင်ဖွယ် ရှိကြောင်း ၁၂-၁၁-၂၀၂၄ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “India set to overtake Japan in GDP rankings” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) မှာ ဂျပန်နိုင်ငံကို ၂၀၂၅ ခုနှစ်တွင် ကျော်လွန်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားကြောင်း၊ S&G Global Ratings အနေဖြင့် ဂျပန်နိုင်ငံ၏ ကမ္ဘာ့စီးပွားရေးအဆင့် ၄ နေရာကို ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယ နိုင်ငံက ရယူသွားနိုင်မည် ဖြစ် ကြောင်း ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

၂၀၁၀ ပြည့်နှစ်အထိ ဂျပန်နိုင်ငံမှာ ကမ္ဘာ့စီးပွားရေး အဆင့် ၂ နေရာတွင် ရှိခဲ့ပြီး၊ ၂၀၁၀ နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံ၏ နေရာကို ရယူခဲ့ကြောင်း၊ ထို့နောက် ဂျာမနီနိုင်ငံမှ ဂျပန်နိုင်ငံကို ထပ်မံကျော်လွန်ခဲ့ကြောင်း၊ လက်ရှိတွင် အိန္ဒိယနိုင်ငံတွင် လူဦးရေတိုးပွားလာမှုကြောင့် ဂျပန်နိုင်ငံကို ထပ်မံကျော်လွန်နိုင်ဖွယ်ရှိကြောင်း၊ ကမ္ဘာ့ ဘဏ်၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၃.၅၅ ထရီလီယံရှိခဲ့ပြီး၊ ဂျပန် နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၄.၂၂ ထရီလီယံ ရှိခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်တွင် ၇ ရာခိုင်နှုန်း နှင့် ၂၀၂၅ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ခန့်မှန်းထားကြောင်း၊ ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၄ ခုနှစ် တွင် ၀.၃ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၁.၁ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးအကြပ်အတည်းများနှင့် ငွေကြေးတန်ဖိုး ကျဆင်းမှု များကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ တည်ငြိမ်စွာ တိုးတက်လာခဲ့ကြောင်း၊ ထိုသို့ စဉ်ဆက်မပြတ်ဆက်လက် တိုးတက်နေ မည်ဆိုပါက အိန္ဒိယနိုင်ငံ၏ GDP မှာ ဂျပန်နိုင်ငံကို လာမည့်နှစ် အနည်းငယ် အတွင်း ကျော်လွန်နိုင်ဖွယ်ရှိကြောင်း၊ ထို့ပြင် ဂျာမနီကိုပါ ထပ်မံကျော်လွန်၍ အမေရိကန် နှင့်တရုတ်နိုင်ငံတို့ ပြီးပါက ကမ္ဘာ့စီးပွားရေးအဆင့် ၃ နေရာသို့ ရယူသွားနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (Purchasing Power Parity) ဖြင့် ကြည့်မည် ဆိုပါက လက်ရှိတွင် အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အဆင့် ၃ နေရာတွင် ရှိပြီး၊ ဂျပန်နိုင်ငံမှာ ကမ္ဘာ့ အဆင့် ၅ နေရာတွင် ရှိကြောင်း၊ ဂျပန်အစိုးရသည် လက်ရှိတွင် လွှတ်တော်အမတ်နေရာ အများစုကို ရရှိထားခြင်း မရှိသည့် Minority Government သာ ဖြစ်ပြီး၊ ဂျပန်ဗဟိုဘဏ် အနေဖြင့်လည်း တင်းကြပ်သည့် ငွေကြေးမူဝါဒကို ပြောင်းလဲကျင့်သုံးနိုင်သည့်အတွက် နိုင်ငံရေးတွင် ဆုံးဖြတ်ချက် မပြတ်သားမှုများ ဖြစ်ပေါ်လာနိုင်ပြီး၊ အတိုးနှုန်းလည်း မြင့်မား လာနိုင်မည် ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ တစ်ဦးကျ GDP မှာ အမေရိကန်ဒေါ်လာ ၂,၅၀၀ ဖြစ်ပြီး၊ ဂျပန်နိုင်ငံ၏ တစ်ဦးကျ GDP မှာ အမေရိကန်ဒေါ်လာ ၃၄,၀၀၀ ရှိကြောင်း၊ အိန္ဒိယ နိုင်ငံတွင် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်ပေါ်လာမည်ဆိုပါက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးတန်ဖိုးနှင့် ဖွံ့ဖြိုးတိုးတက်မှု အချိန်ကာလများအပေါ်တွင်ပါ သိသာစွာ သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင် မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ တိုကျိုမြို့၊ ဂျပန်နိုင်ငံ။

 

 

 

 

 

 

 

 

Category: International News