International News

ရုရှားရှိ “Etalon” ကုမ္ပဏီအုပ်စုသည် မြန်မာနှင့် ဗီယက်နမ်တို့မှ ဆောက်လုပ်ရေးသမား များကို ခေါ်ယူရန် စီစဉ်လျက်ရှိ

Last Updated:

ရုရှားနိုင်ငံရှိ “Etalon” ကုမ္ပဏီအုပ်စုသည် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆောက်လုပ်ရေးသမားများကို ၎င်း၏ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာများသို့ ခေါ်ယူရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီ၏ဒုတိယအကြီးအကဲ Mr. Mikhail Margelov က ပြောကြား ခဲ့သည်။

“Etalon” ကုမ္ပဏီအုပ်စုသည် ရုရှားဆောက်လုပ်ရေးဈေးကွက်တွင် လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့(Commonwealth of Independent States-CIS) မဟုတ်သော နိုင်ငံခြားမှ ဝန်ထမ်းများကို ခေါ်ယူရန် ရည်ရွယ်ထားသော ကုမ္ပဏီများထဲမှ ပထမဆုံးကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိတွင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ အကြီးမားဆုံး developer များနှင့် ဖက်စပ်လုပ်ငန်းများ ထူထောင်ရန် နောက်ဆုံးအဆင့် ညှိနှိုင်းနေကြောင်း Mr. Mikhail Margelov က ပြောကြားခဲ့သည်။

ဝန်ထမ်းအင်အားပြတ်လပ်မှုသည် စီးပွားရေးကဏ္ဍအားလုံးနီးပါးတွင် ကြုံတွေ့နေရ သော်လည်း အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍတွင် ပိုမိုပြင်းထန်သည်ဟု ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌက အလေးပေးပြောကြားခဲ့သည်။

“Etalon” ကုမ္ပဏီအုပ်စုသည် ရုရှားနိုင်ငံ၏ ဒေသအများအပြားတွင် အိမ်ခြံမြေ စီမံခန့်ခွဲမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ ရုရှားဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝန်ထမ်းအင်အား ပြတ်လပ်မှုသည် သိသိသာသာ ရှိနေကြောင်း၊ ၂၀၂၃ ခုနှစ်အကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းသည် ကုန်သွယ်မှုလုပ်ငန်း၊ သတ္တုလုပ်ငန်းနှင့် စက်မှုအင်ဂျင်နီယာလုပ်ငန်းများပြီးနောက် ဝန်ထမ်းရှားပါးမှသည် စတုတ္ထနေရာတွင် ရှိနေကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် အထူးသဖြင့် ကွန်ကရစ်အလုပ်သမားမှ အချောသပ်ပြုလုပ်သည်အထိ ဆောက်လုပ်ရေး သမားများ ရှားပါးလာကြောင်း ရုရှားဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Mr. Anton Glushkov က (၁၈) ကြိမ်မြောက် မော်စကိုအိမ်ခြံမြေစျေးကွက်ဖိုရမ်တွင်  ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်သားများ ရှားပါးလာမှုကြောင့် ကွန်ကရစ် သမားများ၊ တပ်ဆင်သူများနှင့် ဂဟေဆော်သူများ၏ လုပ်ခလစာသည် ၃၅ ရာခိုင်နှုန်းအထိ တိုးလာကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်သားအင်အား စုစုပေါင်း ၁၂ သန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိကြောင်း ရုရှားဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ရုရှားအစိုးရ၏ ခန့်မှန်းချက်အရ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမား ၂၀၀,ဝဝဝ ခန့် ဝန်ထမ်းပြတ်လပ်မှုရှိနေကြောင်း သိရသည်။

ရုရှားနိုင်ငံသည် လပေါင်းများစွာကြာအောင် စံချိန်တင် အလုပ်လက်မဲ့နှုန်းကို ကြုံတွေ့ နေရပြီး ဝန်ထမ်းရှားပါးမှုသည် နှစ်အနည်းငယ်အတွင်း ဆက်ရှိနေမည်ဖြစ်သည်။ လက်ရှိတွင် အလုပ်လက်မဲ့နှုန်းသည် ၂.၄ ရာခိုင်နှုန်းတွင် ရှိနေပြီး ၂၀၂၅ မှ ၂၀၂၇ ခုနှစ်ထိ ၂.၆ ရာခိုင်နှုန်း ရှိမည်ဟု ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ခန့်မှန်းထားသည်။

CIS နိုင်ငံများမှ မိရိုးဖလာရွှေ့ပြောင်းအလုပ်သမားများ ခေါ်ယူခြင်းသည် ပိုမိုခက်ခဲ လာပြီး တစ်ဖက်တွင်လည်း ပိုမိုဈေးကြီးလာခြင်းကြောင့် အာရှနှင့် အာဖရိကတို့သည် ရုရှားနိုင်ငံအတွက် အလားအလာရှိသော လုပ်သားအရင်းအမြစ် ဖြစ်လာခဲ့သည်။

အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် နိုင်ငံပေါင်း ၈၁ နိုင်ငံမှ လုပ်သားများသည် ရုရှားတွင် အလုပ်လုပ်ခဲ့ကြသည်။

လက်ရှိတွင် ရုရှားဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌  လုပ်သားအင်အားရှားပါးမှုကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဖော်ရွှေသောနိုင်ငံများမှ ရုရှားနိုင်ငံသို့ ခေါ်ယူခန့်အပ်နိုင်ရေး ရုရှားအလုပ်သမားအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

Source :       https://realty.ria.ru/20241111/etalon-1983058335.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: International News