ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် ၎င်းသမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အမေရိကန်နိုင်ငံ၏ လောင်စာထုတ်လုပ်မှုကို အဆင့်မြှင့်တင်ရန်နှင့် သမ္မတဂျိုးဘိုင်ဒင် ချမှတ်ခဲ့သည့် လျှပ်စစ်မော်တော်ယာဉ်အသုံးပြုမှု မူဝါဒကို ပယ်ဖျက်ရန် စီစဉ်လျက်ရှိကြောင်း ၁၄-၁-၂၀၂၅ ရက် Wall Street Journal ၏ အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။
ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်းသမ္မတတာဝန်စတင်ထမ်းဆောင်သည့် ပထမနေ့တွင် သမ္မတ အမိန့်အများအပြားကို လက်မှတ်ရေးထိုးမည်ဖြစ်ရာ ယင်းတွင် အမေရိကန်နိုင်ငံ၏ စွမ်းအင်၊ လူဝင်မှု ကြီးကြပ်ရေး၊ ပညာရေးစသည့် မူဝါဒများအပေါ် ပြောင်းလဲမှုကြီးမားစွာဖြစ်စေနိုင်မည့် အမိန့်များ ပါဝင်နိုင်ပါသည်။ ဒေါ်နယ်ထရမ့်က ရေနံတူးဖော်ထုတ်လုပ်မှုကို အားပေးပြီး “Energy dominance” ဟူသော စကားရပ်အသုံးပြုလျက် Fracking နည်းဖြင့် ရေနံတူးဖော်ထုတ်လုပ်မှုကို အားပေးကြောင်း ရည်ညွှန်းသည့် သတင်းစကားကို ၎င်းမဲဆွယ်စည်းရုံးမှုများ၌ ဖော်ပြခဲ့ပြီး အမေရိကန်မော်တော်ယာဉ် လုပ်ငန်းများ အဓိကတည်ရှိသည့် မီချီဂန်ပြည်နယ်၌လည်း သမ္မတဂျိုးဘိုင်ဒင်၏ လျှပ်စစ်မော်တော် ယာဉ်မူဝါဒကို လိုလားမှုမရှိကြောင်း ပြသခဲ့ပါသည်။ ထို့ကြောင့် ရေနံကုမ္ပဏီသန်းကြွယ်သူဌေးများ၏ ထောက်ပံ့မှုနှင့် ၎င်းတို့၏ ရန်ပုံငွေထည့်ဝင်မှု အများအပြားရရှိခဲ့ပါသည်။ ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏အစီအစဉ်ကို အကောင်အထည်ဖော်ရန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (Environmental Protection Agency, EPA) နှင့် စွမ်းအင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို အမိန့်ပေးလာနိုင်ပြီး ၎င်း၏ ပထမဆုံးဆောင်ရွက်မှုအဖြစ် အမေရိကန်နိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့ နှင့် လျှပ်စစ်-စွမ်းအင်မူဝါဒကို ကြီးကြပ်သည့် အမျိုးသားစွမ်းအင်ကောင်စီ (National Energy Council)ကို ဖွဲ့စည်းလာနိုင်သည်ဟု ရေနံကိစ္စရပ်များနှင့်ပတ်သက်၍ စည်းရုံးမှုလုပ်ဆောင်နေသူများ (Oil lobbyists) က ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့်သည် ပဲရစ်သဘောတူညီချက် (Paris Climate Accord)မှ ပြန်လည်နုတ်ထွက်ရန် စီစဉ်လျက်ရှိပြီး ၎င်း၏ပထမအကြိမ် သမ္မတသက်တမ်း ၌လည်း နုတ်ထွက်ခဲ့ပါသည်။ သမ္မတဂျိုးဘိုင်ဒင်အစိုးရက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ လဆန်းပိုင်းတွင် အမေရိကန်နိုင်ငံ၏ အရှေ့နှင့် အနောက်ဘက်ကမ်းခြေ၊ မက္ကဆီကိုပင်လယ်ကွေ့နှင့် အလက်စကာ ပြည်နယ်၊ မြောက်ဘာရိန်းပင်လယ်တို့ရှိ ဧကပေါင်း (၆၂၅) သန်းကျော်မှ ကမ်းနီးရေနံ တူးဖော်မှုကို တားမြစ်ကြောင်းထုတ်ပြန်ခဲ့ရာ အကယ်၍ ဒေါ်နယ်ထရမ့်က ယင်းထုတ်ပြန်ချက်ကို ပြင်ဆင်မည် ဆိုပါကဥပဒေပိုင်းအရ စိန်ခေါ်မှုများရှိလာနိုင်ပါသည်။ ဖက်ဒရယ်တရားရုံးအဆုံးအဖြတ်ရယူပါက လည်း ဖက်ဒရယ်တရားသူကြီးအနေဖြင့် လွှတ်တော်၏ခွင့်ပြုချက်ရရှိရန်လိုအပ်မည်ဟု ဆုံးဖြတ်လာ နိုင်ပါသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်သည် စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းအရ သဘာဝဓာတ်ငွေ့ (LNG) တင်ပို့မှုကန့်သတ်ချက်ကိုလည်း အဆုံးသတ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။