အစားအသောက်အရောင်ဆိုးဆေး Red 3 သည် တိရစ္ဆာန်များတွင် ကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်မှုရှိခြင်းကြောင့် အသုံးပြုမှုတားမြစ်ကြောင်း အမေရိကန်အစားအသောက်နှင့် ဆေးဝါး ကွပ်ကွဲရေး ဦးစီးဌာန (Food and Drug Administration, FDA) က ထုတ်ပြန်ခဲ့ပါသည်။ စားသောက် ကုန်ထုတ်လုပ်သူများအနေဖြင့် Red 3 အရောင်ဆိုးဆေးအသုံးပြုထုတ်လုပ်သည့် အစားအသောက် များကို ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပြင်ဆင်ထုတ်လုပ်ရမည်ဖြစ်ပါသည်။
ကြွက်ထီးများအား အဆိုပါ Red 3 အရောင်ဆိုးဆေးပါဝင်သည့်အစားအစာများကို ကျွေးမွေး၍ ဓာတ်ခွဲခန်း၌ စမ်းသပ်စစ်ဆေးခဲ့ရာ ကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်မှုရှိနေသဖြင့် စားသုံးသူများက ယင်းဆိုးဆေးကို အသုံးပြုမှုတားမြစ်ရန် တွန်းအားပေးခဲ့ခြင်းဖြစ်ပါသည်။ FDA ၏ တားမြစ်ချက်တွင် Red 3 အရောင်ဆိုးဆေးနှင့် အခြားစွဲစေတတ်သောပါဝင်ပစ္စည်းများလည်း ပါဝင်မည်ဖြစ်ပြီး ဌာန၏ “ကျန်းမာရေးနှင့်ညီညွတ်သော (Healthy)” စကားရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုပါ ပြင်ဆင်ရန် လိုအပ်လာမည် ဖြစ်ပါသည်။ Red 3 အရောင်ဆိုးဆေးကို ရေနံဆီများမှထုတ်လုပ်ပြီး အစားအစာနှင့် ဖျော်ရည်များအား ချယ်ရီရောင်ဖြစ်လာစေရန် အသုံးပြုကြပြီး FDA က ယင်းအရောင်ဆိုးဆေးကို ၁၉၆၉ ခုနှစ် တွင် အသုံးပြုခွင့်ပြုခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အလှကုန်ပစ္စည်းများနှင့် အရေပြားရောဂါဆေးအချို့၌ အဆိုပါအရောင်ဆိုးဆေးအသုံးပြုမှုကို FDA က တားမြစ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် Center for Science in the Public Interest အဖွဲ့နှင့် အခြားအဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ် (၁၀) ကျော်တို့က အစားအသောက် နှင့် ဆေးဝါးတို့တွင် Red 3 အရောင်ဆိုးဆေးအသုံးပြုမှုကို တားမြစ်ရန် အသနားခံစာပေးပို့ခဲ့ကြသဖြင့် ယင်းသို့တားမြစ်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။