တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် ယွမ် (၄၃.၈၅) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၉၈ ထရီလီယံ)အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် (၅)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ စာရင်းဇယားများအရ သိရှိရပါသည်။
တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏသည် ယွမ်(၂၅.၄၅)ထရီလီယံရှိပြီး ယခင်နှစ်ကထက် (၇.၁) ရာခိုင်နှုန်း တိုးမြင့်လာကာ သွင်းကုန်စုစုပေါင်းမှာ ယွမ် (၁၈.၃၉)ထရီလီယံဖြစ်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၂.၃) ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကုန်စည်ကုန်သွယ်သည့်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်လျက်ရှိကြောင်းနှင့် နိုင်ငံနှင့် ဒေသပေါင်း (၁၅၀)ကျော်၏ အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာကြောင်း GACC က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံ၏ တင်ပို့/တင်သွင်းသည့် ကုန်ပစ္စည်းများကို အရည်အသွေး ပိုမိုကောင်းမွန် စေရန် အဆင့်မြှင့်တင်ထားကြောင်း GACC ၏ ဒုတိယဝန်ကြီး Wang Lingjun က ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံ၏ နည်းပညာမြင့်ထုတ်ကုန်များ ကုန်သွယ်မှုသည် အရှိန်အဟုန်ဖြင့် မြင့်တက် လျက်ရှိကြောင်းနှင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်ကုန်များ တင်ပို့ရောင်းချမှုသည် စံချိန်သစ် တစ်ခုသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော် e-commerce ကဲ့သို့သော လုပ်ငန်းပုံစံသစ်များ ကြီးထွားလာခဲ့ကြောင်း ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Wang က အလေးပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
Source: https://www.chinadaily.com.cn/a/202501/13/WS678474f8a310f1265a1da6cb.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)