အီဂျစ်နိုင်ငံနှင့်ယူအေအီးနိုင်ငံများတို့ မှ ထိပ်တန်းအရာရှိများအကြား နားလည်မှုစာချွန်လွှာ (MoUs) တစ်ရပ်ကိုအင်္ဂါနေ့က နှစ်နိုင်ငံဆက်ဆံရေးကိုခိုင်မာစေကာ ရေရှည်တည်တံ့သောစီးပွားရေး တိုး တက်မှုကိုမြှင့်တင်ရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပါသည်။
အီဂျစ်နိုင်ငံ၊ အုပ်ချုပ်ရေးမြို့တော်သစ်ရှိ အီဂျစ်ပါလီမန်တွင် ကျင်းပသည့် အဆိုပါအခမ်းအနားသို့ အီဂျစ်ဝန်ကြီးချုပ် Dr. Mostafa Madbouly၊ ယူအေအီးနိုင်ငံ စက်မှုနှင့်အဆင့်မြင့်နည်းပညာဝန်ကြီး Dr. Sultan Al Jaber နှင့် နှစ်နိုင်ငံစလုံးမှအခြားသောအဓိကပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သဘောတူညီချက်များတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စွမ်းအင်သိုလှောင်မှုနှင့် East Port Said ဒေသရှိ ယူအေအီး-အီဂျစ်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအလေးပေးပြီး အီဂျစ်တွင်စက်မှု နှင့် နည်းပညာဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်ရည်ရွယ်ထားပါသည်။ အဆိုပြုထားသော စီမံကိန်းများတွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာဆဲလ်နှင့် ဆဲလ်အချပ်များထုတ်လုပ်သည့်စက်ရုံ များ၊ ဘက်ထရီစွမ်းအင်သိုလှောင်ရုံများနှင့် အီဂျစ်နိုင်ငံတစ်ဝှမ်း နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများ၊ Nasser ရေကန်ရှိ ရေပေါ် photovoltaic နေရောင်ခြည်စွမ်းအင်သုံးဆိုလာစက်ရုံ ကဲ့ သို့သော ဆိုလာစက်ရုံများ ပါဝင်ပါသည်။
အခမ်းအနားတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် အဆင့်မြင့်စက်မှုလုပ် ငန်းများအပါအဝင် အရေးပါသောကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်ရာတွင် ယူအေအီးနိုင်ငံ၏ကတိ ကဝတ်ကို Dr. Al Jaber က အလေးပေးပြောကြားခဲ့ပါသည်။ အလုပ်အကိုင်များဖန်တီးရန်၊ ရေရှည် တည်တံ့ခိုင်မြဲမှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံစလုံး၏မျှဝေထားသော စီးပွားရေးပန်းတိုင်များကို ပံ့ပိုးပေး ရန်အတွက် အဆိုပါလုပ်ဆောင်မှုများ၏ အလားအလာများကိုလည်း မီးမောင်းထိုးဖော်ပြခဲ့ပါသည်။ Dr. Mahmoud Esmat ဦးဆောင်သည့် အီဂျစ်နိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ စီမံကိန်းများသည် အီဂျစ် နိုင်ငံ၏ ရေရှည်တည်တံ့နိုင်သောပေါင်းစပ်စွမ်းအင်မဟာဗျူဟာ ၂၀၃၅ နှင့်ကိုက်ညီမည်ဖြစ်ပြီး နိုင်ငံ ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စွမ်းရည်ကိုတိုးမြှင့်ကာ ရုပ်ကြွင်းလောင်စာအပေါ်မှီခိုအားထားမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းကိုလည်း ဖော်ပြခဲ့ပါသည်။
နားလည်မှုစာချွန်လွှာ၏အဓိကအင်္ဂါရပ်မှာ စတုရန်းကီလိုမီတာ ၂၀ ကျယ်ဝန်းသည့် East Port Said ဒေသတွင် စက်မှုဇုန်တည်ထောင်ခြင်းဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကုန်ထုတ်လုပ်ငန်းနှင့် နည်းပညာမြင့်စက်မှုလုပ်ငန်းများတွင် ပြည်တွင်းနှင့်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ AD Ports Group အုပ်စုသည် အီဂျစ်နိုင်ငံ၏စက်မှုကဏ္ဍနှင့်ကမ္ဘာ လုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် မျှော်လင့်ထားပြီး ဇုန်အတွင်းအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာပါ သဘော တူညီချက်များသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစိမ်းရောင်စွမ်းအင်ဖြေရှင်းချက်များကို အလေးပေးဆောင်ရွက်ခြင်းဖြင့် ယူအေအီးနိုင်ငံနှင့် အီဂျစ်နိုင်ငံများတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးခေတ်သစ်ကို အချက်ပြနေခြင်းဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source: Emirates News Agency
Date: 22.11.2024
Nanda Soe Myint Economic Counsellor (Dubai)