ဗီယက်နမ်အမျိုးသားလွှတ်တော်သည် တစ်ပိုင်းလျှပ်ကူးပစ္စည်း(semiconductors)နှင့် အခြားစက်မှုလုပ်ငန်းများတွင် နိုင်ငံခြားကုမ္ပဏီများကို ပိုမိုဆွဲဆောင်ရန်အတွက် ရင်းနှီးမြုပ်နှံရန် လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Nguyen Chi Dung က ပြောကြားခဲ့ကြောင်း Nikkei Asia အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။
နည်းပညာမြင့် စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ရင်းနှီးမြှုပ်နှံမှုမပြုမီ စိစစ်ခြင်း (per-screening)မှ ရင်းနှီးမြှုပ်နှံမှုပြုပြီးနောက်စိစစ်ခြင်း (post-screening) သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဝန်ကြီး Dung က ကြာသပတေးနေ့က ဟနွိုင်းမြို့၌ သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စက်မှုဇုန်များနှင့် ပို့ကုန်ဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ခွင့်ပြုချက်လုပ်ထုံးလုပ်နည်း များကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုသို့သော အဆင့်များတွင် နှောင့်နှေးမှုများသည် အာရှ၏ အလျင်မြန်ဆုံး တိုးတက်နေသည့်နိုင်ငံများတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆွဲဆောင်ရာတွင် သိသာထင်ရှားသော အတားအဆီးတစ်ခုဖြစ်ကြောင်း ဖော်ပြထား ပါသည်။ ဗီယက်နမ်သည် အချိန်အတော်ကြာအောင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ခြင်းမရှိ ခဲ့ကြောင်း ဝန်ကြီး Dung က အချိန်၏အရေးပါမှုကို အလေးပေး ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။
ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် အခြားခေါင်းဆောင်များက ဆန်းသစ်သော ချဉ်းကပ်မှုများ စူးစမ်းလေ့လာရန်နှင့် ဥပေဒအသစ်များရေးဆွဲရန် ၎င်းတို့အား တိုက်တွန်းထားကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေသောအခြေအနေများဆီသို့ ဦးတည်ရွေ့လျားမှုသည် ဗီယက်နမ်၏ ခေါင်းဆောင်မှုဆိုင်ရာ ရည်ရွယ်ချက်များကို ထင်ဟပ်စေ ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
Source : Nikkei Asia
(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟနွိုင်းမြို့)