အိန္ဒိယနိုင်ငံတွင် လတ်တလော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး၊ ဈေးကွက်အတွင်း သီးနှံသစ်များထပ်မံဝင်ရောက်လျက်ရှိသည့်အတွက် ခရမ်းချဉ်သီးလက်လီ ဈေးနှုန်းများ ယခင်လကထက် ၂၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အိန္ဒိယစားသုံးသူရေးရာ ဝန်ကြီးဌာနက ယခုလ ၁၇ ရက်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ခရမ်းချဉ်သီးကို တစ်နှစ်ပတ်လုံး ထုတ်လုပ်သော်လည်း Andhra Pradesh နှင့် Karnataka ပြည်နယ်တို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ယခင်လ က ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သက်ဆိုင်ရာ လက်ကားဈေးကွက်အသီးသီး၌ ခရမ်းချဉ်သီးဈေးနှုန်းများကျဆင်းလာသည့် အတွက် လက်လီဈေးနှုန်းများကျဆင်းလာလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ ပျှမ်းမျှလက်လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျင် ရူပီး ၅၂ ဒသမ ၃၅ ရှိခဲ့ပြီး၊ ယခင်လက ရူပီး ၆၇ ဒသမ ၅၀ ရှိခဲ့သည့်အတွက် ၂၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။
အဆိုပါ ကာလတူအတွင်း Azadpur လက်ကားဈေးကွက်တွင် ခရမ်းချဉ်သီးသစ်များ ဝင်ရောက်လာသည့်အတွက် ဈေးနှုန်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျင် ရူပီး ၅၈၈၃ မှ ရူပီး ၂၉၆၉ သို့ ၅၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရသည်။ Maharashtra ပြည်နယ်၊ Nashik ခရိုင် Pimpalgaon လက်ကားဈေးကွက်၊ Andhra Pradesh ပြည်နယ်၊ Madanapalle နှင့် Karnataka ပြည်နယ် Kolar လက်ကားဈေးကွက်များတွင်လည်း အလားတူ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရသည်။
အိန္ဒိယစိုက်ပျိုးရေးဌာနမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် တတိယအကြိမ် ခရမ်းချဉ်သီး အထွက်နှုန်း ကြိုတင်ခန့်မှန်းချက်အရ စုစုပေါင်းခရမ်းချဉ်သီးအထွက်နှုန်း တန်ချိန် ၂၁၃ ဒသမ ၂၀ သိန်းရှိကာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က တန်ချိန် ၂၀၄ ဒသမ ၂၅ သိန်းရှိခဲ့သည့်အတွက် အထွက်နှုန်း တိုးတက်လာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ခရမ်းချဉ်သီးကို တစ်နှစ်ပတ်လုံးစိုက်ပျိုးထုတ်လုပ်သော်လည်း အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် အဓိကစိုက်ပျိုးကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ မိုးရေချိန်ရရှိမှုနှင့် သယ်ယူပို့ဆောင်မှုအခြေအနေများက ခရမ်းချဉ်သီးထုတ်လုပ်မှုအပေါ် များစွာသက်ရောက်မှုရှိကြောင်း၊ အဆိုပါ ဟင်းသီးဟင်းရွက်၏ သဘောသဘာဝမှာ လျင်မြန်စွာပုပ်သိုးလွယ်သောကြောင့် ဈေးနှုန်းအပေါ်များစွာလွှမ်းမိုးရှိကြောင်း၊ ယခုအခါ ရာသီဥတုအခြေအနေမှာကောင်းမွန်သဖြင့် ခရမ်းချဉ်သီးရောင်းလိုအားမြင့်တက်ကာ ဈေးနှုန်းများ ထပ်မံ၍ ကျဆင်းဖွယ်ရှိကြောင်း သိရသည်။
Ref: The Hindu Businessline, Tomato retail prices: Down by 22.4% due to improved supplies, November 18, 2024
စီးပွားရေးသံမှူး၊ကော်လ်ကတ္တားမြို့