International News

ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယားမှ သီဟိုဠ်စေ့ ကုန်ကြမ်းတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့ တင်သွင်းမှုသည် ယခုနှစ်၏ ၁၀ လတာ ကာလအတွင်း တန်ချိန် ၂.၃ သန်းကျော် ရောက်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၈၉ ဘီလီယံ ရှိကြောင်း၊ ယခင်နှစ် အလားတူကာလထက် ပမာဏအားဖြင့် ၈.၅ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း VOV သတင်းဌာနမှ အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယား များကို ကိုးကားဖော်ပြခဲ့သည်။ အဆိုပါကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့ အများဆုံးတင်သွင်းသူ ဖြစ်ပြီး တန်ချိန် ၈၁၅,၀၀၀ ကျော်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။ အိုင်ဗရီကို့စ်သည် ဒုတိယအကြီးဆုံး သီဟိုဠ်စေ့တင်သွင်းသူဖြစ်ပြီး တန်ချိန် ၅၄၇,၀၀၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၇၈ သန်းကျော် တင်ပို့ခဲ့ကြောင်း ဖော်ပြထားသည်။ ဂါနာသည် တတိယအကြီးဆုံး သီဟိုဠ်စေ့တင်ပို့သည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀၁ သန်းကျော်တန်ဖိုးရှိ သီဟိုဠ်စေ့တန်ချိန် ၂၆၄,ဝဝဝ ကျော်တင်ပို့ခဲ့သည်။

နိုင်ငံတကာ ကျွမ်းကျင်သူ အများအပြား၏ အဆိုအရ သွင်းကုန်နှင့် ပို့ကုန် နှစ်ခုစလုံး၏ သီဟိုဠ်စေ့ ဈေးနှုန်းများသည် ယခုနှစ်အစပိုင်းမှ စတင်ကာ ဆက်တိုက် အတက်အကျများရှိခဲ့ ကြောင်းသိရှိရပါသည်။ ထို့သို့မတည်မငြိမ်ဖြစ်မှုများသည် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက် ၍ စိုက်ပျိုးဧရိယာများ ပိုမိုကျဉ်းမြောင်းလာစေခြင်းကြောင့်ဖြစ်ကြောင်း ယူဆရပါသည်။

ကမ္ဘာ့အကြီးဆုံး သီဟိုဠ်စေ့ထုတ်လုပ်ငန်းဆောင်ရွက်နေသည့် ဗီယက်နမ်နိုင်ငံအနေဖြင့် သီဟိုဠ်စေ့ကုန်ကြမ်းတင်သွင်းမှုကျဆင်းခြင်းနှင့် ရင်ဆိုင်နေရပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သီဟိုဠ်စေ့ တင်သွင်းမှု ၁၀ ​​ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါသည်။ သီဟိုဠ်စေ့ အစိမ်းရရှိသည့် အဓိကအရင်းအမြစ်ဖြစ်သော အနောက်အာဖရိကတွင် ရိတ်သိမ်းမှု အားနည်းချက် ကြောင့် ထောက်ပံ့မှု ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ရလဒ်အနေဖြင့် သီဟိုဠ်စေ့ကုန်ကြမ်း ကုန်ကျစရိတ် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် အာရှနိုင်ငံများတွင် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးသူများ တိုးပွား များပြားလာခြင်းကြောင့် ဝယ်လိုအား အားကောင်းလျက်ရှိပါသည်။ ထို့အပြင် အကန့်အသတ် ရှိသော ကုန်ကြမ်းထောက်ပံ့မှုများအတွက် ၀ယ်လိုအားမြင့်တက်လာခြင်းသည် ဈေးကွက်အတွင်း ဈေးနှုန်းများ ပိုမိုမြင့်တက်လာစေကြောင်း‌ ဖော်ပြထားပါသည်။

ယခုနှစ် ပထမ ၉ လတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သီဟိုဠ်စေ့ တန်ချိန် ၅၈၁,၁၃၀ တင်ပို့ခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၃၈ ဘီလီယံရရှိခဲ့သည်။ ၎င်းသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၂၈ ရာခိုင်နှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ၃၂.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ယခုနှစ်အတွက် ဗီယက်နမ်နိုင်ငံအနေဖြင့် သီဟိုဠ်စေ့တင်ပို့မှု စံချိန်တင်တန်ဖိုး အမေရိကန် ဒေါ်လာ ၃.၈ ဘီလီယံရရှိရန် ရည်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် စံချိန် တင်ထားသည့် အဆင့်ထက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ပိုမိုရရှိရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ သီဟိုဠ်စေ့ ကုန်ချောများ ပိုမိုတင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံတွင် သီဟိုဠ်စေ့ကုန်ကြမ်း လိုအပ်ချက်များစွာရှိမည်ဖြစ်ရာ အဆိုပါလိုအပ်ချက် ကုန်ကြမ်းဈေးကွက်သို့ သီဟိုဠ်စေ့ကုန်ကြမ်းများ ပေးပို့တင်သွင်းမည်ဆိုပါက နိုင်ငံခြားဝင်ငွေ ရရှိစေမည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

Source: https://english.vov.vn/en/economy

(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: International News