International News

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဝါသီးနှံရာသီ၏ ပထမ နှစ်လအတွင်း အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းတင်သွင်းမှု ၃ ဆတိုးတက်

Last Updated:

ယခုနှစ် အောက်တိုဘာလမှစတင်သော ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဝါသီးနှံ ရာသီ၏ ပထမ နှစ်လအတွင်း အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းတင်သွင်းမှု ၃ ဆတိုးတက်ခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၈ ရက်က ဖော်ပြသည်။ ယခုနှစ် နိုဝင်ဘာလကုန်အထိ အဆိုပါ ဖိုင်ဘာ သီးနှံအား (၁၇၀ ကီလိုဂရမ်ပါ) ဘေထုပ် ၉ သိန်း (တန်ချိန် ၁ ဒသမ ၅၃ သိန်း) တင်သွင်းခဲ့ကြောင်း အိန္ဒိယဝါနှင့် ချည်မျှင်အသင်း (The Cotton Association of India-CAI) မှ နောက်ဆုံး ရရှိသော အချက်အလက်များ အရသိရသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ စက်တင်ဘာလအတွင်း ကမ္ဘာ့ဈေးကွက်တွင် ဝါဂွမ်းဈေးနှုန်းများ ကျဆင်းခဲ့သဖြင့် ဝါကြိတ်စက်ရုံများအနေဖြင့် ဝါဂွမ်းများတင်သွင်းရန် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ ဝါဂွမ်းများမှာ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း အိန္ဒိယဆိပ်ကမ်း များသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလက တင်သွင်းရန် စာချုပ် ချုပ်ဆိုခဲ့သော ဝါဂွမ်းဘေထုပ် ၄ ဒသမ ၅ သိန်းခန့်သည် အချိန်အနည်းငယ်နောက်ကျပြီးမှ အောက်တိုဘာလတွင် ရောက်ရှိခဲ့ကြောင်း CAI ဥက္ကဌ Atul Ganatra က ပြောကြားခဲ့သည်။ နိုဝင်ဘာလကုန်ပိုင်းအထိ အိန္ဒိယဆိပ်ကမ်းများသို့ ဝါဘေထုပ် ၉ သိန်းရောက်ရှိရန် ခန့်မှန်းထား ကြောင်း သိရသည်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသို့ ဝါတင်သွင်းမှု ဘေထုပ် ၂၅ သိန်းခန့်ရှိကာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် က ဘေထုပ် ၁၅ ဒသမ ၂၀ သိန်းသာ တင်သွင်းခဲ့သည့်အတွက် တင်သွင်းမှု တိုးမြင့် လာခဲ့ကြောင်း CAI က ခန့်မှန်းထားသည်။ ကမ္ဘာ့ဝါဈေးနှုန်းများကျဆင်းလာခြင်း၊ ပြည်တွင်း ဝါစိုက်ဧရိယာကျဆင်းပြီး၊ ပြည်နယ်အများအပြားတွင် ရာသီဥတုဖေါက်ပြန်မှုကြောင့် ဝါအထွက် နှင့် အရည်အသွေးကို ထိခိုက်စေမှုတို့ကြောင့် ယင်းကဲ့သို့ ဝါကို ပြည်ပမှဝယ်ယူ တင်သွင်းမှု တိုးမြင့် လာခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဝါထုတ်လုပ်မှုသည် ဘေထုပ်ပေါင်း ၃၀၂ ဒသမ ၂၅ သိန်း (တန်ချိန် ၅ ဒသမ ၁၄ သန်းခန့်) သာရှိပြီး လွန်ခဲ့သောနှစ်က ၃၂၅ ဒသမ ၂၉ သိန်း (တန်ချိန် ၅ ဒသမ ၅၃ သန်းခန့်) ထုတ်လုပ်ခဲ့၍ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ဝါထွက်ရှိမှု နည်းပါးပြီး ဝါကြိတ်စက်များမှ ဝယ်ယူမှုလျှော့ကျလျက်ရှိသကဲ့သို့ ပြည်တွင်းဝါ ဈေးနှုန်းများသည် ကမ္ဘာ့ဈေးကွက် ဈေးနှုန်းများနှင့်အတူ လိုက်ပါ ကျဆင်းလာလျက်ရှိကြောင်း သိရသည်။

ဝါဈေးနှုန်းများသည် အစိုးရ၏ အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းအောက်သို့ ကျဆင်းလာသည့် အတွက် အစိုးရပိုင် အိန္ဒိယဝါနှင့် ချည်မျှင်ကော်ပိုရေးရှင်း (Cotton Corporation of India) သည် တောင်သူများထံမှ ဝါကို အများဆုံးဝယ်ယူပေးခဲ့ပြီး၊ ဒီဇင်ဘာလ လလယ်အထိ ဝါ ဘေထုပ်ပေါင်း ၃၁ သိန်းကျော် ဝယ်ယူပြီးဖြစ်ကြောင်း သိရသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ရာသီအတွက် ဝါဖိနှိပ်မှု ဘေထုပ်ပေါင်း ၃၀၂ ဒသမ ၂၅ သိန်းခန့်ရှိမည်ဟု CAI က ခန့်မှန်းထားသည်။

ယခုနှစ် နိုဝင်ဘာလကုန်အထိ စုစုပေါင်း ဝါရောင်းလိုအားသည် ယခင်နှစ် စာရင်းဖွင့် လက်ကျန် ဘေထုပ် ၃၀ ဒသမ ၁၉ သိန်း၊ တင်သွင်းမှု ဘေထုပ် ၉ သိန်းနှင့် ဖိနှိပ်မှု ဘေထုပ် ၆၉ ဒသမ ၂၂ သိန်းခန့်အပါအဝင် ဘေထုပ်ပေါင်း ၁၀၈ ဒသမ ၄၁ သိန်းရှိမည်ဟု ခန့်မှန်းထားသည်။ ယခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပသို့ ဝါတင်ပို့ရောင်းချမှု ဘေထုပ် ၄ သိန်းရှိကာ ပြီးခဲ့သည့် ရာသီ ကာလတူက ဘေထုပ် ၃ သိန်းသာတင်ပို့ခဲ့သည့်အတွက် တင်ပို့မှု တိုးမြင့်လာခဲ့သည်။ သို့သော် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဝါတင်ပို့မှုကို ကြည့်လျင် ဘေထုပ် ၁၈ သိန်းသာရှိပြီး လွန်ခဲ့သော နှစ်က ဘေထုပ် ၂၈ ဒသမ ၃၆ သိန်းကျော်တင်ပို့ခဲ့သည့်အတွက် တင်ပို့မှု ဘေထုပ် ၁၀ ဒသမ ၃၆ သိန်း သို့မဟုတ် ၃၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလကုန်အထိ ဝါလက်ကျန်မှာ ဘေထုပ် ၅၀ ဒသမ ၄၁ သိန်းခန့်ရှိကာ ဘေထုပ် ၂၈ ဒသမ ၄၁ သိန်းမှာ အထည်ရက်စက်ရုံများအတွက်လည်းကောင်း၊ ကျန် ဘေထုပ် ၂၂ သိန်းမှာ အိန္ဒိယဝါ နှင့် ချည်မျှင်ကော်ပိုရေးရှင်း၊ Maharashtra Federationနှင့် MNC များ၊ ကုန်သည်များ နှင့် ဝါပြုပြင်ထုတ်လုပ်သူများအတွက်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ပြီးဆုံးမည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ရာသီအတွက် ဝါ စုစုပေါင်းရောင်းလိုအားကို ဘေထုပ် ၃၅၇ ဒသမ ၄၄ သိန်း (တန်ချိန် ၆ သန်းခန့်) ရှိမည်ဟု CAI က ခန့်မှန်းထားသည်။ ယင်းပမာဏတွင် စာရင်းဖွင့်လက်ကျန် ဘေထုပ် ၃၀ ဒသမ ၁၉ သန်း၊ ဖိနှိပ်မှု အရေအတွက် ဘေထုပ် ၃၀၂ ဒသမ ၂၅ သိန်းနှင့် ပြည်ပမှ တင်သွင်းမှု ဘေထုပ် ၂၅ သိန်းခန့်တို့ ပါဝင်ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ဝါစိုက်ပျိုးမှု ဧရိယာကျဆင်းခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဝါအထွက်နှုန်းနှင့် အရည်အသွေးထိခိုက်ခြင်းနှင့် ပြည်တွင်း ဝါဈေးနှုန်းများကျဆင်းခြင်းတို့ကြောင့် ဝါကို ပြည်ပမှ ဝယ်ယူတင်သွင်းမှု ၃ ဆခန့်တိုးမြင့်လာကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသို့ လက်ရှိတင်ပို့ရောင်းချလျက်ရှိသော နိုင်ငံများနှင့် ဈေးနှုန်းနှင့် အရည်အသွေးအရ ယှဉ်ပြိုင် ရောင်းချပေးနိုင်မည်ဆိုပါက ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသော မြန်မာ့ဝါဂွမ်းများကို တင်ပို့ရောင်းချ နိုင်မည့် အခွင့်အလမ်းများရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source:        The Hindu Businessline, India’s cotton imports up three-fold till Nov-end at 9 lakh bales, December 18, 2024.

စီးပွားရေးသံမှူး၊ ကော်ကတ္တားမြို့။

Category: International News