International News

သန့်ရှင်းစွမ်းအင်နှင့် ဒေသတွင်း လျှပ်စစ်ဓာတ်အားချိတ်ဆက်နိုင်မှု ပိုမိုအဆင့်မြင့်လာစေရေး စင်ကာပူနိုင်ငံနှင့် ဆွီဒင်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်

Last Updated:

စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့ (The Energy Market Authority) နှင့် ဆွီဒင် နိုင်ငံ၊ ပတ်ဝန်းကျင်နှင့် စီးပွားရေးလုပ်ငန်းဝန်ကြီးဌာန (Ministry of Climate and Enterprise) တို့သည် သန့်ရှင်းစွမ်းအင်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စွမ်းအင် အပြန်အလှန်ချိတ်ဆက်နိုင်မှုတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင် အဖွဲ့က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ 

အဆိုပါနားလည်မှုစာချွန်လွှာအရ စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့နှင့် ဆွီဒင်နိုင်ငံ၊ ပတ်ဝန်းကျင်နှင့် စီးပွားရေးလုပ်ငန်းဝန်ကြီးဌာနတို့သည် High Voltage Direct Current နည်းပညာများနှင့် ပင်လယ်ရေအောက်ကေဘယ်လိုင်းများအပါအဝင် ဓာတ်အားလိုင်း အခြေခံ အဆောက်အအုံများ အဆင့်မြင့်စေရေး ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။ အာဆီယံ မဟာဓာတ်အားလိုင်း (ASEAN Power Grid) ဆောင်ရွက်နေမှုကို ထောက်ပံ့သွားမည်ဖြစ်ပြီး ဒေသတွင်း၌ လျှပ်စစ်ဓာတ်အားကုန်သွယ်မှုအခွင့်အလမ်းများ ပိုမိုရရှိစေရေး ထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဒေသတွင်းအပြန်အလှန်ချိတ်ဆက်မှု၊ အမိုးနီးယားနှင့် ဟိုက်ဒရိုဂျင်၊ နျူကလီယားကို ဘေးကင်းစွာသုံးစွဲနိုင်ရေးတို့တွင် အသိပညာဖလှယ်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးလမ်းကြောင်းကို အရှိန်အဟုန်မြှင့်တင်စေရန် ပူးပေါင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၏ စွမ်းအင်ကူးပြောင်းမှုတွင် အဓိကအရေးပါသည့် သန့်ရှင်းစွမ်းအင် နည်းပညာများနှင့် ဒေသတွင်းလျှပ်စစ်ဓာတ်အား အပြန်အလှန်ချိတ်ဆက်နိုင်မှုတို့တွင် တိုးတက် လာစေရေး ဆွီဒင်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝမ်းမြောက်ကြောင်း၊ ဒေသတွင်းကာဗွန် ထုတ်လွှတ်မှုလျှော့ချရေးဆောင်ရွက်မှုများနှင့် အနာဂတ်တွင် ရေရှည်တည်တံ့သည့် စွမ်းအင် ရရှိစေရေး ဆွီဒင်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း” စင်ကာပူစွမ်းအင် ဈေးကွက်အာဏာပိုင်အဖွဲ့၏ Chief Executive ဖြစ်သူ Mr. PUah Kok Keong က ပြောကြား ခဲ့ပါသည်။

 

ရင်းမြစ်။        စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News