International News

၂၀၂၄ ခုနှစ်အတွင်း ဟောင်ကောင်ဒေသို့ စီးဝင်သည့် ပြင်ပရင်းနှီးမြှုပ်နှံမှု မြင့်တက်

Last Updated:

၂၀၂၄ ခုနှစ်အတွင်း တရုတ်ပြည်မနှင့် ပြည်ပ ကုမ္ပဏီ စုစုပေါင်း ၅၃၉ ခု ဟောင်ကောင် ဒေသသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ထိုပမာဏသည် ယခင် နှစ်ကထက် ၄၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Invest Hong Kong မှ ထုတ်ပြန် ကြေညာခဲ့သည်ဟု ဟောင်ကောင်ဒေသအစိုးရ၏ “Record-breaking year for InvestHK” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါသည်။

အဆိုပါ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၆၇.၇ ဘီလီယံ ရှိခြင်းကြောင့် ၂၀၂၃ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ထို့ပြင် အဆိုပါကုမ္ပဏီများမှ အလုပ်အကိုင်အခွင့်အလမ်း ၆,၈၆၄ ကို ဖန်တီပေးနိုင်ရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြထား ပါသည်။

          ကုမ္ပဏီ ၅၃၉ ခုအနက် ၂၇၃ ခုမှာ တရုတ်ပြည်မမှ ဖြစ်ပြီး၊ ကျန်ကုမ္ပဏီများမှာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် နှင် စင်ကာပူ တို့မှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါသည်။ အဆိုပါ ကုမ္ပဏီ ၅၃၉ ခုမှ အဓိကရင်းနှီးမြှုပ်နှံသည့်ကဏ္ဍအချို့မှာ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ၊ ဘဏ္ဍာရေးဝန်ဆောင်မှု နှင့် fintech နှင့် family offices တို့ဖြစ်ပါသည်။ ယခုကဲ့သို့ ၂၀၂၄ ခုနှစ်၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခြင်းသည် တရုတ်ပြည်မနှင့် နိုင်ငံရပ်ခြားမှ လုပ်ငန်းများအနေဖြင့် ဟောင်ကောင်ဒေသ အပေါ် ယုံကြည်မှုအပြည့်အဝရှိနေခြင်းကို ဖော်ညွှန်းသည်ဟု  ဟောင်ကောင်ဒေသ၏ ရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေးအဖွဲ့အစည်းဖြစ်သည့် InvestHK မှ ညွှန်ကြားရေးမှူးချုပ် Alpha Lau က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

InvestHK အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်ဒေသ၌ စီးပွားရေးအကျိုးအမြတ်နှင့် အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို ဆွဲဆောင်‌ခြင်းဖြင့် အရည်အသွေး မြှင့်တင်ပြီး အခွင့်အလမ်းသစ်များ ဖန်တီးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်၊ ဥရောပနှင့် အာရှမြောက်ပိုင်းကဲ့သို့ ဟောင်ကောင်ဒေသ၏ လက်ရှိဈေးကွက်များမှ နည်းပညာ သို့မဟုတ် တီထွင်မှုလုပ်ငန်းများကဲ့သို့သော လုပ်ငန်းသစ်များ ဟောင်ကောင်ဒေသသို့ ပိုမိုဝင်ရောက် လာရန် မျှော်မှန်းသကဲ့သို့ ထွန်းသစ်စဈေးကွက်များနှင့် ရပ်ဝန်းနှင့်လမ်းကြောင်း တစ်လျှောက် ရှိနိုင်ငံများမှ လုပ်ငန်းများအနေဖြင့် ဟောင်ကောင်ဒေသမှတစ်ဆင့် လုပ်ငန်းနယ်ပယ်ချဲ့ထွင်လာ ရေးအတွက် မဟာဗျူဟာတစ်ရပ် ချမှတ်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည်ဟု Ms. Lau ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News