ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟိုင်ဖုန်မြို့အာဏာပိုင်များမှ ဇန်နဝါရီလတွင် စီမံကိန်း ၅ ခု ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဗီယက်နမ်ဒေါင် ၇၉.၄၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံခန့်)၊ နိုင်ငံရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂၅.၆၅ သန်းတန်ဖိုးရှိ စီမံကိန်း ၆ ခုကို ရင်းနှီးမြှုပ်နှံရန် လက်မှတ်များထုတ်ပေးခဲ့ကြောင်း Viet Nam News အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။
ပြည်တွင်းစီမံကိန်း ၅ ခုတွင် စက်မှုအိမ်ခြံမြေနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပစီမံကိန်း ၆ ခုတွင် အိမ်သုံးပစ္စည်းများထုတ်လုပ်ခြင်း၊ ဂဟေဆက်နည်းပညာ၊ စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနှင့် အီလက်ထရွန်းနစ် ထုတ် ကုန်များ တပ်ဆင်ခြင်းတို့ ပါဝင်ကြောင်းသိရှိရပါသည်။
ဟိုင်ဖုန်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့အကြီးအကဲဖြစ်သူ Le Trung Kien က ဟိုင်ဖုန်သည် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အတွက် ထိပ်တန်းနေရာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယနေ့အထိ ဟိုင်ဖုန်တွင် နိုင်ငံနှင့်နယ်မြေပေါင်း ၄၂ ခုမှ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီမံကန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃၃.၆ ဘီလီယံကျော်ရှိကြောင်းနှင့် အဆိုပါလုပ်ငန်းများသည် မြို့တော် စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၈၆ ရာခိုင်နှုန်းကို ပံ့ပိုးပေးကြောင်း သိရှိရပါသည်။
Dinh Vu-Cat Hai စီးပွားရေးဇုန်သည် အမေရိကန်ဒေါ်လာ ၂၂.၉ ဘီလီယံရှိပြီး ဟိုင်ဖုန်ရှိ စုစုပေါင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုကြောင်း၊ မြို့တော်၏ စက်မှုဇုန်များတွင် နေထိုင်မှုနှုန်းသည် ၆၄.၃ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပြီး ပျမ်းမျှ ရင်းနှီးမြှုပ်နှံမှုသိပ်သည်းဆမှာ တစ်ဟက်တာလျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းဖြစ်ပြီး တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် တစ်ဟက်တာပျမ်းမျှ အမေရိကန်ဒေါ်လာ ၄ သန်းထက် သုံးဆပိုများ ကြောင်း ဖော်ပြထားပါသည်။
ဟိုင်ဖုန်မြို့သည် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများအတွက် အဓိကဦးတည်နေရာ ဖြစ်လာပြီး ကမ္ဘာ့တန်ဖိုးကွင်းဆက်များတွင် ကောင်းမွန်စွာပေါင်းစပ်ထားကြောင်း၊ LG ၊ Pegatron၊ USI နှင့် Bridgestone ကဲ့သို့သော ထင်ရှားသော ကော်ပိုရေးရှင်းများသည် မြို့တော်တွင် လုပ်ငန်းများ ထူထောင်ထားကြောင်း ဖော်ပြထားသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများဝင်ရောက်လာမှုသည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအတွက် ဟိုင်ဖုန်၏ ဆွဲဆောင်မှုတိုးလာမှုကို ထင်ဟပ်စေပါသည်။ ၂၀၂၅ ခုနှစ်တွင် မြို့တော်အနေဖြင့် ဒေသတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန်အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၃၅ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးရန် ရည်မှန်းထားကြောင်း ဖော်ပြ ထားပါသည်။
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)