International News

တရုတ်နိုင်ငံ၏ သွင်းကုန်များအား သွင်းကုန်ခွန် (၁၀)ရာခိုင်နှုန်း ထပ်မံကောက်ခံရန် အမေရိကန် သမ္မတက စီစဉ်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံဘက်မှ Fentanyl ခေါ် တရားမဝင်မူးယစ်ဆေးဝါး ကုန်သွယ်မှုများကြောင့် လာမည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံမှသွင်းကုန်များအပေါ် သွင်းကုန်ခွန်(၁၀)ရာခိုင်နှုန်း ထပ်မံကောက်ခံ ရန် ချမှတ်သွားမည်ဖြစ်ကြောင်း ၂၇-၂-၂၀၂၅ ရက်တွင် အမေရိကန်သမ္မတက ၎င်း၏ ‘TruthSocial’ လူမှု ကွန်ရက်၌ ရေးသားဖော်ပြခဲ့ပါသည်။ 

အမေရိကန်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများမှ မူးယစ်ဆေးဝါး တရားမဝင် ဝင်ရောက်မှုသည် ဆက်လက်များပြားနေခဲ့ပြီး တရားမဝင် ဝင်ရောက်သည့် မူးယစ်ဆေးဝါး ရာခိုင်နှုန်းအများအပြားကို တရုတ်နိုင်ငံ၌ထုတ်လုပ်၍ ဖြန့်ဖြူး ခြင်းဖြစ်ကြောင်း၊ အဆိုပါ အန္တရာယ်ရှိပြီး စွဲစေတတ်သော မူးယစ်ဆေးဝါးများ (အဆိပ် အတောက်)ကြောင့် အမေရိကန်နိုင်ငံ၌ ၂၀၂၄ ခုနှစ်တွင် လူတစ်သိန်းကျော် သေဆုံးခဲ့ရကြောင်း၊ အမေရိကန်မိသားစုအများအပြားနှင့် မူးယစ်ဆေးစွဲသူများသည် ဒုက္ခများနှင့်ကြုံတွေ့ကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအပေါ် ယင်းကဲ့သို့သော အန္တရာယ်များ ကျရောက်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထို့ကြောင့် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်များ အပေါ် သွင်းကုန်ခွန်ကောက်ခံမည့်အမိန့်သည် သတ်မှတ်ထားသည့်အတိုင်း ၄-၃-၂၀၂၅ ရက် တွင် အသက်ဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏သွင်းကုန်များအပေါ် သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်း ထပ်မံကောက်ခံရန် ၄-၃-၂၀၂၅ ရက်၌ပင် ချမှတ်သွားရန်ရှိကြောင်းနှင့်     ဧပြီလ ၂ ရက်တွင် ကောက်ခံမည့် အပြန်အလှန်သွင်းကုန်ခွန် (Reciprocal Tariff) သည်လည်း အပြည့် အဝ အသက်ဝင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်သမ္မတက ယင်းသို့ပြောဆိုခြင်းသည် သွင်းကုန်ခွန်ကောက်ခံမှုကို ဆိုင်းငံ့လို ၍ ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံသူ အချို့က အဓိပ္ပါယ်ကောက်ယူလျက်ရှိကြပြီး ဧပြီလ ၂ ရက်တွင် ကောက်ခံမည့် အပြန်အလှန်သွင်းကုန်ခွန်သည် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများကို ဆိုလိုခြင်း မဟုတ်ဟု သမ္မတ အိမ်ဖြူတော်အရာရှိများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး ၊ ဝါရှင်တန်ဒီစီ

Category: International News