International News

ထိုင်းနိုင်ငံအစိုးရက ဥရောပသမဂ္ဂအဖွဲ့ဝင်များအားလုံးနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

၂၀၂၅ ခုနှစ်အတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ဝန်ကြီး ချုပ် H.E Mr. Paetongtarn Shinawatra က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံနှင့် ဥ‌ရောပလွတ်လပ်သော ကုန်သွယ်ရေးအသင်း (Efta) တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့ တွင် ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပလျက်ရှိသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဆက်စပ်အခမ်းအနား အဖြစ် ကျင်းပခဲ့ရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ ယခု လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်သည် လက်ရှိအစိုးရ၏ ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံနှင့် Efta အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လစ်ချ်စတိန်းနိုင်ငံများအကြား စီးပွားရေးအရ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်သည် အဆင့်မြင့် နည်းပညာနှင့် တီထွင်ဖန်တီးမှု၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမြှင့်တင်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့ သည်။

ဥရောပသမဂ္ဂအုပ်စုထဲတွင် ထိုင်းစီးပွားရေးလုပ်ငန်းများ ခြေကုတ်ရယူနိုင်ရန်အတွက် အခြားသော အဖွဲ့ဝင်နိုင်ငံများနှင့် FTA လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီး စဉ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံခဲ့ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အချက်အလက် စင်တာနှင့် အစိမ်းရောင်စွမ်းအင်ကဏ္ဍတို့အတွက် ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းကုမ္ပဏီများကို လည်း ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံပါက အဆင့်မြင့်နည်းပညာများနှင့်ကိုက်ညီစေရေး ထိုင်း လုပ်သားများကို စွမ်းရည် မြှင့်တင်ပေးရန်လည်း တိုက်တွန်းခဲ့ပါကြောင်း၊ Google သည် ၎င်း၏ Cloud စင်တာအသစ်ကို ချွန်ပူရိတွင် တည်ထောင်လျက်ရှိရာ ထိုင်းလုပ်သားများ၏ စွမ်းရည်မြှင့် တင်ရာတွင်လည်း ပါဝင်မည်ဖြစ်ကြောင်း၊ ဘတ် ၁ ထရီလီယံ ကုန်းမြေချိတ်ဆက် မီဂါစီမံကိန်းတွင် ဒူဘိုင်းအခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တစ်ခုဖြစ်သော DP World သည် အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်လာနိုင်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဝန်ကြီးချုပ်သည် ကမ္ဘာ့ထိပ်တန်းလုပ်ငန်းများမှ အကြီးတန်း အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း၊ DP World သည် ၎င်း၏ Inland Container Depot ကို တိုးချဲ့ခြင်းနှင့် ကုန်းမြေချိတ်ဆက်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ၍ အာဆီယံနှင့် ကမ္ဘာ့ကုန်သွယ်ရေး ကွန်ယက်ကို ချိတ်ဆက်ခြင်းအပါအဝင် ထိုင်းနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်မြှင့်တင်ရေး အတွက် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Jirayu Houngsub က ပြောကြားခဲ့သည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News