ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော ဒူးရင်းသီးများတွင် အရောင်ဆိုးဆေး Basic Yellow 2 (BY2) ပါဝင်သည်ဟု သံသယဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ တင်ပို့ခွင့်ပိတ်ခဲ့ပြီးနောက် ဒူးရင်းသီးများကို စစ်ဆေးကြည့်ခဲ့ရာ Basic Yellow 2 (BY2) ကင်းစင်ကြောင်း စစ်ဆေး အတည်ပြုချက်အရ တရုတ်အစိုး ရက ပြန်လည်တင်ပို့ခွင့်ပြုခဲ့ကြောင်း တရုတ် ဂွမ်ကျိုးပြည်နယ် ထိုင်းကောင်စစ်ဝန်ချုပ်ရုံးရှိ စိုက်ပျိုးရေး ရုံးမှ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
The General Administration of Customs of China (GACC) တင်သွင်းလာသော ဒူးရင်းသီးများအားလုံးသည် Basic Yellow 2 (BY2) အတွက် ပို့ကုန်အကြို စစ်ဆေးမှု ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ သွင်းကုန်များသည် တရုတ်ဆိပ်ကမ်းသို့ ရောက်ရှိလာပါက အကောက်ခွန် ဝန်ထမ်းများက ကုန်သေတ္တာတိုင်းမှ ဒူးရင်းသီးနမူနာများကို ကျပန်းပုံစံယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယိုယိဂွမ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရောက်ရှိလာသော ထိုင်းဒူးရင်းသီး ကုန်သေတ္တာ ၃ လုံးသည် BY2 ကင်းစင်သည်ဟု ဂွမ်ကျိုးရှိ စိုက်ပျိုးရေးရုံးက ဇန်နဝါရီ လ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း၊ ဒူးရင်းသီးများကို နောက်ရက်တွင် တင်ပို့ခွင့်ပြုခဲ့ပြီး တရုတ်နှစ်သစ်ကူးနှင့် အချိန်ကိုက်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးရုံးသည် အကေက်ခွန် ဂိတ်ရှိ BY2 စစ်ဆေးမှုကို စောင့်ကြည့်လျက်ရှိပြီး ထိုင်း ပို့ကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သော သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန်ဖြစ်ကြောင်း စိုက်ပျိုးရေးရုံးက ပြောကြားချက်အရ သိရှိရပါသည်။
GACC က ဒူးရင်းသီးသယ်ဆောင်လာသော ကုန်သေတ္တာ ၇ လုံးတွင် BY2 စစ်ဆေးတွေ့ရှိခဲ့ ပြီး ကုန်သေတ္တာ ၂ လုံးတွင် လေချူသီး (Longan) များ သယ်ဆောင်ထားပါကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနက သစ်သီးများသည် ပို့ကုန် သို့မဟုတ် သွင်းကုန်အတွက် စိတ်ချရသော သက်သေခံ လက်မှတ်ဖြစ်သည့် ပိုးမွှားကင်းစင်သည့်သက်သေခံလက်မှတ် (Phytosanitary Certificates-PC) အား ဒူးရင်းသီး သိုလှောင်ရုံ ၈ ခုသို့ ထုတ်ပေးမှုကို ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ ရပ်ဆိုင်းထားမှုသည် ဗုဒ္ဓဟူးနေ့တွင် စတင်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အစားအစာလုံခြုံစိတ်ချရမှု စံနှုန်းများအား မမြှင့်တင်သည့် အချိန် အထိ ရပ်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ဒူးရင်းသီး တင်ပို့မှုအားလုံးသည်လည်း တရုတ်နိုင်ငံသို့ မတင်ပို့မီ စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း၊ လေကြောင်းဖြင့် တင်ပို့မည့် ဒူးရင်းသီးများကို သုဝဏ္ဏဘူမိလေဆိပ်တွင် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီး ဌာန အပင်နှင့် စိုက်ပျိုးရေး ပစ္စည်းများ ထိန်းချုပ်ကွပ်ကဲမှုရုံး ညွှန်ကြားရေးမှူး Mr. Chaisak Rinkluan က ပြောကြားခဲ့သည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။