International News

ဖိလစ်ပိုင်နိုင်ငံ၏ ဆေးရွက်ကြီးထုတ်လုပ်မှု မြင့်တက်လာဖွယ်ရှိ

Last Updated:

 ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆေးလိပ်အရွက် (Tobacco Leaf)၊ ဆေးရွက်ကြီး ပြည်တွင်းထုတ်လုပ်မှုမြင့်တက်လာသည်ဟုမျှော်လင့်ပါကြောင်း၂၇-၁-၂၀၂၅ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် 2nd International Tobacco Summit တွင် ဖိလစ်ပိုင် အမျိုးသား ဆေးရွက်ကြီးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (National Tobacco Admistration-NTA) မှ ပြောကြား ခဲ့ပါသည်။ ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ဆေးရွက်ကြီး ထုတ်လုပ်မှုမှာ ၄၂,၂၄၈.၅၂ မက် ထရစ်တန်ရှိခဲ့ပြီး  ၂၀၂၄ ခုနှစ်တွင် ၄၅,၄၀၁.၁၄ မက်ထရစ်တန် သို့ တိုးမြင့်ထွက်ရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင်လည်း ၄၅,၅၇၉.၈၄ မက်ထရစ်တန် ထုတ်လုပ်ရရှိ နိုင်မည်ဟု ခန့်မှန်းထားရှိပါသည်။

၂၀၂၅ ခုနှစ်အတွင်း ဆေးရွက်ကြီးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုမြင့်တက်လာ နိုင်မည်ဖြစ် ကြောင်း ဖိလစ်ပိုင်ဆေးရွက်ကြီးစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌမှလည်း ပြောကြားခဲ့ပါ သည်။ အဓိက ကြောင်းအချက်များမှာ အချို့သောတောင်သူများသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၏ အားပေးကူညီမှုများကြောင့် ဆေးရွက်ကြီးစိုက်ပျိုးမှုဘက်ကို ပြောင်းရွှေ့ စိုက်ပျိုးလာကြကြောင်း ဖော်ပြပါရှိပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ဗာဂျီးနီးယားဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်သည့်တောင်သူစုစုပေါင်း ၁၄,၃၅၀ ဦး၊ ဘာလီ (Burley)မျိုးစိုက်ပျိုးသူ ၆,၀၀၁ ဦး နှင့် Native Variety စိုက်ပျိုးသူ ၂၂,၇၀၇ ဦးတို့ ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

သို့ရာတွင်ဗာဂျီးနီးယားဆေးရွက်ကြီးစိုက်ပျိုးသည့်ဧရိယာမှာ ၂၀၂၃ ခုနှစ်က၁၀,၀၃၁ ဟက်တာ ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၉,၈၅၃ ဟက်တာသို့ ကျဆင်းခဲ့သည်ကို တွေ့ရှိရပြီး တစ်ဖက် တွင်လည်း  ဘာလီမျိုး စိုက်ပျိုးသည့်ဧရိယာမှာ ၂၀၂၃ ခုနှစ်တွင် ၁၂,၀၅၆ ဟက်တာရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၂,၉၇၈ ဟက်တာသို့ မြင့်တက်ခဲ့ပါသည်။

ပြည်တွင်း ဆေးရွက်ကြီး ၊ ဆေးလိပ်အရွက် (Tobacco Leaf) ပြည်တွင်း ဝယ်ယူမှု ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်တွင် တစ်ကီလိုလျှင် ၁၃၇.၃၂ ပီဆိုမှ ၂၀၂၄ ခုနှစ်တွင် တစ်ကီလိုလျှင် ၁၂၉.၀၄ ပီဆိုသို့ ကျဆင်းခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် တစ်ကီလိုလျှင် ၉၉.၇၈ ပီဆိုထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားရှိ ပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဆေးရွက်ကြီးစိုက်ပျိုးသူ မြင့်တက်လာရခြင်းမှာ ပြောင်းစိုက်ပျိုးရာတွင် လက်ရှိတွင် armyworm ခေါ်ပိုးကျရောက်သဖြင့် Westen Visayas ဒေသဘက်တွင် ပျက်စီးဆုံးရှုံးမှု ပမာဏ ပီဆို ၅၇ သန်းခန့် ရှိခဲ့ပါကြောင်း၊  ပြောင်းစိုက်ပျိုးသူများမှာ ပြောင်း နေရာတွင် ဆေးရွက်ကြီးအား ပြောင်းလဲစိုက်ပျိုးလာပါသည်။ ထို့ပြင် အစိုးရမှအသစ် ပြဋ္ဌာန်းခဲ့ သည့် Republic Act (RA)7171 အရ ဒေသအစိုးရအဖွဲ့ (Local Government Units-LGU) များ အနေဖြင့် ဗာဂျီးနီးယားဆေးရွက်ကြီးမှ ထုတ်လုပ်သည့်စီးကရက်ထုတ်လုပ်ရောင်းချမှုမှ ကောက်ခံ ရရှိသည့် အခွန်ငွေ၏ ၁၅ % ကို ဒေသတွင်း ဆေးရွက်ကြီးစိုက်ပျိုးထုတ်လုပ်ခြင်းတွင် ပြန်လည် သုံးစွဲခွင့်ပြုထားသဖြင့် များများထုတ်လုပ်နိုင်ပါက များများသုံးစွဲခွင့် ရရှိနိုင်မည်ဖြစ်သောကြောင့် တောင်သူများအတွက် ဆွဲဆောင်သည့်နည်းလမ်းတစ်ခု ဖြစ်လာပါသည်။

ကမ္ဘာ့ဈေးကွက်တွင်လည်း ဆေးရွက်ကြီး (Tobacco) ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် ထုတ်လုပ်မှုကိုလျှော့ချလိုက်ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် ရောင်းလိုအား ကျဆင်းခဲ့ပြီး ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ထို့အတွက် ကမ္ဘာ့ဈေးကွက်တွင်း ဝယ်လိုအား တိုးလာခြင်းကြောင့်  ဖိလစ်ပိုင်နိုင်ငံ၏ ဆေးရွက်ကြီး (Tobacco)  ဈေးကွက်မှာ လည်း ယှဉ်ပြိုင်မှုအားကောင်းလာခဲ့ပြီး အမြင့်ဈေးနှုန်းရရှိခဲ့သည်ကို လေ့လာတင်ပြအပ်ပါသည်။ HS line (24) Tobacco and manufactured tobacco substitutes  ဖြင့် ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄.၉ သန်း၊ ၂၀၂၄ ခုနှစ်တွင် ၃၁.၄ သန်းထိ ရှိခဲ့ကြောင့် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါ သည်။

( စီးပွားရေးသံမှူး၊ မနီလာမြို့)

 

         

Category: International News