International News

အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သည့်ကုန်စည်များအပေါ် ကောက်ခံလာနိုင်သည့် စည်းကြပ် ခွန်အတွက် တောင်ကိုရီးယားနိုင်ငံက ကြိုတင်ပြင်ဆင်ထား

Last Updated:

အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရမ့် သမ္မတတာဝန်ကို ဒုတိယအကြိမ်မြောက် ထမ်းဆောင်ချိန်တွင် အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းလာမည့် ကုန်စည်များအားလုံးအပေါ် ကောက်ခံသည့်စည်းကြပ်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဟု အဆိုပြုခဲ့ပြီး ဖြစ်သည့်အပြင် အိမ်ဖြူတော်တွင် ရောက်ရှိတာဝန်ယူပြီးချိန်တွင်လည်း ကနေဒါနိုင်ငံနှင့် မက္ကဆီ ကိုနိုင်ငံတို့မှ တင်သွင်းလာသည့်ကုန်စည်များအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကို ဖေဖော်ဝါရီလ အစောပိုင်းမှစတင်၍ တတ်နိုင်သမျှဆောလျင်စွာကောက်ခံသွားရေး ကတိပြုထားခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်၍ တောင်ကိုရီးယားအစိုးရသည်လည်း အမေရိကန်ပြည်ထောင်စုမှ အကောင်အထည် ဖော်လာနိုင်သည့် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် သွားမည်ဟု အမည်မဖော်လိုသည့် ကုန်သွယ်ရေးဆိုင်ရာအဆင့်မြင့် အရာထမ်းတစ်ဦး က ၂၄-၁-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ၎င်း၏အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင်  ဟန်ချက်ညီသောကုန်သွယ်မှုဖြစ်စေရေး ဦးတည်ဆောင်ရွက်နေသည့်အတွက် တောင်ကိုရီးယားနိုင်ငံ သည် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုလျှော့ချမည့်အစား အမေရိကန်ပြည်ထောင်စုမှ သွင်းကုန် များပိုမိုတင်သွင်းရေး ပြန်လည်သုံးသပ်လျက်ရှိကြောင်း၊ အထူးသဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ သည်  အမေရိကန်ပြည်ထောင်စုမှ ရေနံနှင့် သဘာဝဓါတ်ငွေ့ တင်သွင်းမှုကို တိုးမြှင့် တင်သွင်းသွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ တင်သွင်းခြင်းအားဖြင့် နှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှုလည်း မြင့်မား လာမည်ဖြစ်ပါကြောင်း အဆိုပါ ကုန်သွယ်ရေးအဆင်မြင့်အရာထမ်းမှ ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံအကြားချုပ်ဆိုထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (Free Trade Agreement- FTA) အပေါ်ပြည်လည်ညှိနှိုင်းဆွေးနွေးမည့် ကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင် စုဖက်မှ တရားဝင်ကြေညာမှုမရှိသေးပါကြောင်း၊ သမ္မတထရမ့်ပ်သည် အမေရိကန်သာ ပထမ ("America First") ကုန်သွယ်မှုမူဝါဒ ခေါင်းစဉ်ပါရှိသည့် သမ္မတစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊ အဆိုပါစာချွန်လွှာတွင် အမေရိကန်နှင့်ချုပ်ဆိုခဲ့သော FTAs အားလုံးကို ပြန်လည်သုံးသပ်၍ ကုန်သွယ်ဖက်နိုင်ငံများ "အပြန်အလှန်အကျိုးရှိသော" သဘောတူညီချက်များ ပါဝင်စေရေး ဆောင်ရွက်သွားမည်ဆိုသည့် အချက်ပါဝင်ကြောင်း အဆိုပါ ကုန်သွယ်ရေး အဆင်မြင့် အရာထမ်းမှ ပြောကြားခဲ့ပါသည်။

Source: https://www.koreatimes.co.kr/www/biz/2025/01/488_391049.html

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

Category: International News