International News

ဗီယက်နမ်နိုင်ငံ၏ ပီလောပီနံတင်ပို့မှုသည် တရုတ်နိုင်ငံထိပ်တန်းဈေးကွက်သို့ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ပီလောပီနံနှင့် ပီလောပီနံထွက်ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၂.၆၂ သန်းရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံခန့် ရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံချက်အရ ပမာဏအားဖြင့် ၁၁.၁ ရာခိုင်နှုန်း တိုးလာသော်လည်း တန်ဖိုးအားဖြင့် ၁၁.၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။

ထို့သို့ ဈေးနှုန်းကျဆင်းလျက်ရှိသော်လည်း ပို့ကုန်တန်ဖိုး ၁ ဘီလီယံကျော်သည့် ကုန်စည် ဖြစ်သောကြောင့် ပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များသည် ဗီယက်နမ်နိုင်ငံ၏ အရေးပါသော လယ်ယာထွက်ကုန် ကုန်စည်အဖြစ် ဆက်လျက်တည်ရှိနေသည်။ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ဦးစီးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် ပီလောပီနံနှင့် ပီလောပီနံ ထွက်ကုန်များ၏ ပို့ကုန်ဈေးနှုန်းမှာ ယခင်နှစ်ထက် အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရ ပါသည်။

၎င်းသည် မုန်တိုင်းနှင့် ရေလွှမ်းမိုးမှုများကြောင့် မွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက် မှုရှိပြီး မကြာသေးမီလများအတွင်း တရုတ်နိုင်ငံ၏ တိရစ္ဆာန်အစာ ဝယ်လိုအားကျဆင်းမှုကြောင့် ပီလောပီနံဈေးနှုန်းများ ကျဆင်းရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်ပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များ အများဆုံးစားသုံးသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းတန်ဖိုးပမာဏ ၉၂.၈၅ ရာခိုင်နှုန်းနှင့် ပို့ကုန်တန်ဖိုး ၉၁.၇၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပီလောပီနံပို့ကုန်တင်ပို့မှုသည် တန်ချိန် ၂.၄၃ သန်းနှင့် တန်ဖိုး ၁.၀၆ ဘီလီယံရှိကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၉.၈ ရာခိုင်နှုန်း နှင့် တန်ဖိုးအားဖြင့် ၁၀.၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ချုပ်ဆိုထားသည့် EU၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများသို့ ထိုးဖောက်တင်ပို့ခဲ့သော်လည်း အဆိုပါ ဈေးကွက်များအတွင်း ပီလောပီနံတင်ပို့မှုပမာဏမှာ နည်းပါးလျက်ရှိကြောင်း သိရှိရ ပါသည်။

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်ပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များ အဓိကတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ဝန်ကြီးဌာနကခန့်မှန်းထားသည်။

Source: VN Economy

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: International News