International News

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဒူးရင်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံရရှိခဲ့ပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု စုစုပေါင်းတန်ဖိုး၏ ၄၆ ရာခိုင်နှုန်း ရှိကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရှိရ ပါသည်။

အဆိုပါအောင်မြင်မှုသည် ဒူးရင်းသီးကို အချက်အပြုတ်တွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်း ၍ ဟင်းပွဲများ၊ အချိုပွဲများတွင် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုလာသည့်အတွက် တရုတ်နိုင်ငံမှ တင်သွင်းမှုမြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုတန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၃.၂ ဘီလီယံရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၉၇ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း ရေးသား ဖော်ပြထားပါသည်။

 သို့ရာတွင် တင်သွင်းလာသော ဒူးရင်းသီးများတွင် အခြေခံအဝါရောင်(BY2) အကြွင်းအကျန် များကို ပစ်မှတ်ထားသည့် စစ်ဆေး‌ရေး စည်းမျဉ်းအသစ်ကြောင့် ဗီယက်နမ်ဒူးရင်းသီးများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်းနှင့် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ တင်သွင်းထားသော ဒူးရင်းသီးများတွင် Group 2B carcinogen အဖြစ် WHO မှ သတ်မှတ်ထားသော Basic Yellow 2 (BY2) ကို စစ်ဆေးတွေ့ရှိပြီးနောက် အဆိုပါစစ်ဆေးရေး စည်းမျဉ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

ထို့သို့ဆောင်ရွက်မှုများကြောင့် ဗီယက်နမ်နိုင်ငံမှတင်ပို့သည့် ဒူးရင်းသီးများ ပြန်လည် ရောက်ရှိလာခြင်း သို့မဟုတ် နယ်စပ်ဂိတ်များတွင် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ ကာလကြာရှည်စွာ စောင့်ဆိုင်းရခြင်းများရှိကြောင်း ဖော်ပြထားပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဒူးရင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: International News