International News

ကာဇက်စတန် - စင်ကာပူ ဝန်ဆောင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အသက်ဝင် ကြောင်း ကြေညာ

Last Updated:

ကာဇက်စတန် - စင်ကာပူ ဝန်ဆောင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်သည် ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်တွင် အသက်ဝင်ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သဘောတူစာချုပ်ကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန လက်ထောက် ဝန်ကြီး Tan See Leng နှင့် ကာဇက်စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Serik Zhumangarin တို့က ၂၀၂၃ ခုနှစ်၊ မေလတွင် လက်မှတ်ရေးထိုးခဲ့ပါပြီး ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ပြီးစီး ၍ စာချုပ်အသက်ဝင်ပြီဖြစ်ပါသည်။

ကာဇက်စတန် - စင်ကာပူ ဝန်ဆောင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ကြောင့် စင်ကာပူ စီးပွားရေးလုပ်ငန်းများသည် ကာဇက်စတန်နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ ၁၅ ခုတွင် နိုင်ငံတကာဈေးကွက်ကို ရယူနိုင်မည်ဖြစ်ပါသည်။ ပိုမိုလွယ်ကူချောမွေ့စေပြီး ဖြေ လျှော့မှု ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ထုံး လုပ်နည်းများကို ခံစားနိုင်မည်ဖြစ်ပါသည်။

အာရှအလယ်ပိုင်းတွင် စီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံဖြစ်ပြီး အာရှအလယ် ပိုင်းသို့ ဝင်ရောက်နိုင်သည့် မဟာဗျူဟာကျသည့် နေရာတွင် တည်ရှိသော ကာဇက်စတန် နိုင်ငံသည် စင်ကာပူနိုင်ငံအတွက် အရေးပါသည့် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပါသည်။ သဘောတူစာချုပ်သည် Trans-Caspian International Trade Route မှတစ်ဆင့် တတိယနိုင်ငံများနှင့် စီးပွားရေးအရ ချိတ်ဆက်မှုများကို ပိုမိုဆောင်ရွက်ရန်နှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်လိုသည့် စင်ကာပူကုမ္ပဏီများအတွက် မဟာဗျူဟာကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ကာဇက်စတန်နိုင်ငံသည် အရေးပါသည့် သတ္တုများ၊ စွမ်းအင် အမျိုး အစားများ ပေါများပြီး စိုက်ပျိုးရေးထုတ်ကုန်များကြောင့် စင်ကာပူနိုင်ငံ၏ ထောက်ပံ့ရေး ကွင်းဆက် ခိုင်မာအားကောင်းစေရေး အရေးပါသည့် မိတ်ဖက်နိုင်ငံဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် တွင် ကာဇက်စတန် နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း  ၄.၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထား ပါသည်။

ကုန်သွယ်မှုဆက်ဆံရေးဝန်ကြီး Grace Fu က “စင်ကာပူနိုင်ငံနှင့် ကာဇက်စတန် နိုင်ငံ တို့သည် ကောင်းမွန်သည့် နှစ်နိုင်ငံဆက်ဆံရေးကို ကာလရှည်ကြာ ထိန်းသိမ်းထားရှိကြောင်း၊ ကာဇက်စတန် - စင်ကာပူ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်သည် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ စာချုပ်အသက်ဝင်မှုသည် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ဝင်ရောက်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးကို အခက်အခဲမရှိ ဆောင်ရွက်နိုင်စေမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခွင့်အလမ်းအသစ်များကို ကောင်းမွန် သည့် အရှိန်အဟုန်ဖြင့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် အာရှအလယ်ပိုင်းတွင် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ကာဇက်စတန်နိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စင်ကာပူစီးပွားရေး လုပ်ငန်းများအတွက် ဈေးကွက်အသစ်များ ဖန်တီးပေးနိုင်ရေး ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်မှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

 

ရင်းမြစ်။        စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News