အမေရိကန်သမ္မတသည် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများအပေါ် သွင်းကုန်ခွန် ကောက်ခံ မည့် သမ္မတအမိန့်များကို ၁-၂-၂၀၂၅ ရက်တွင်ချမှတ်ခဲ့ပြီး ယင်းအမိန့်များနှင့် ပတ်သက်၍ ပြင်ဆင်သည့် အမိန့်များဖြစ်သော အမေရိကန်နိုင်ငံ၏ တောင်ပိုင်းနယ်စပ်ဒေသရှိ အခြေအနေ များကို ဖြေရှင်းရန် သွင်းကုန်ခွန်ကောက်ခံခြင်းအမိန့်အား ပြင်ဆင်သည့်သမ္မတအမိန့် (Amendment to Duties to Address The Situation At our Southern Border) နှင့် အမေရိကန်နိုင်ငံ၏ မြောက်ပိုင်းဒေသရှိ တရားမဝင် ဝင်ရောက်လျက်ရှိသော မူးယစ်ဆေးဝါး စီးဝင်မှုကိုဖြေရှင်းရန် သွင်းကုန်ခွန် ကောက်ခံခြင်းအမိန့်အား ပြင်ဆင်သည့်သမ္မတအမိန့် (Amendment to Duties to Address the Flow of Illicit Drugs Across Our Northern Border) တို့ကို ၂-၃-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
၁-၂-၂၀၂၅ ရက်ထုတ်ပြန်သည့် သမ္မတအမိန့်များတွင် အမေရိကန်ဒေါ်လာ (၈၀၀) အောက်ရှိ တန်ဖိုးနည်းပစ္စည်းများအား အကောက်ခွန်ကင်းလွတ်ခွင့် (Duty-free De Minimis) ကို ခွင့်မပြုကြောင်းဖော်ပြခဲ့ပြီး ယင်းဖော်ပြချက်နှင့်ပတ်သက်၍ ယခုပြင်ဆင်သည့် သမ္မတ အမိန့်၌ “တန်ဖိုးနည်းပစ္စည်းများကို သွင်းကုန်ခွန်စည်းကြပ်ရန်နှင့် ယင်းသို့စည်းကြပ်ရန် ပြည့်စုံသည့်စနစ်များ အပြည့်အဝဆောင်ရွက် ပြီးစီးကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး က သမ္မတထံသို့ အကြောင်းကြားသည့်အချိန်တွင် တန်ဖိုးနည်းပစ္စည်းများအား အကောက်ခွန် ကင်းလွတ်ခွင့်ပြုခြင်း ရပ်ဆိုင်းမည်ဟု” ဖော်ပြထားရာ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တန်ဖိုး နည်းပစ္စည်းများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကို လတ်တလောတွင် ခေတ္တဆိုင်းငံ့ရန် ပြင်ဆင်ထုတ်ပြန်ချက်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ တင်သွင်းလျက်ရှိသည့် တန်ဖိုးနည်းပစ္စည်းများကိုလည်း အလားတူ ဆိုင်းငံ့ကြောင်း ၅-၂-၂၀၂၅ ရက်တွင် ထုတ်ပြန်ပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။