International News

ဘတ်ဂျက်လိုငွေပြမှုနှင့် စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းများအတွက် ဖြေရှင်းဆောင်ရွက်သွား မည့် ဟောင်ကောင်ဒေသ

Last Updated:

စီးပွားရေးတိုးတက်မှုနှေးကွေးနေခြင်းနှင့် နှစ်ပေါင်းနှစ်ဆယ်ခန့်အတွင်း အကြာဆုံးအဖြစ် ဘတ်ဂျတ်လိုငွေပြနေမှုများကြောင့် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများအတွက် ဖြေရှင်းဆောင်ရွက် သွားမည့်အစီအစဉ်များကို ‌ဟောင်ကောင်ဒေသအစိုးရမှ ယခုသီတင်းပတ်အတွင်း ထုတ်ပြန်သွား မည်ဖြစ်သည်ဟု Japan Times သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် “Hong Kong to tackle deficit and slower economic growth in budget” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြ ထားပါသည်။

 အသုံးစရိတ် ထိန်းချုပ်ခြင်းဖြင့် ဟောင်ကောင်ဒေသ၏ သုံးနှစ်ဆက်တိုက် ဘတ်ဂျက် လိုငွေ ပြနေမှုအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ရင်းနှီးငွေ တိုးမြှင့်ရေးအတွက် အစိုးရ အနေဖြင့် ဝင်ငွေအများဆုံး ရရှိသူများထံမှ အခွန်တိုးမြှင့်ကောက်ခံခြင်းမှသည် သက်ကြီးရွယ်အိုများ အတွက် သယ်ယူပို့ဆောင်စရိတ်ထောက်ပံ့ထားခြင်းကို ကန့်သတ်ခြင်းနှင့် ဘက်စကက်ဘောလ် အားကစားလောင်းကစားခြင်းကို တရားဝင်သတ်မှတ်ခြင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်ရန် စဉ်းစားနေကြောင်း ဟောင်ကောင်ဒေသအစိုးရ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါ သည်။ ဘဏ္ဍာရေးဝန်ကြီး Paul Chan ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြုလုပ်မည့် ဟောင်ကောင်ဒေသ ၏ နှစ်စဉ်ဘတ်ဂျက် အခြေအနေနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားပါသည်။

ဒေသတွင်းနှင့် ပြည်ပမှ စိန်ခေါ်မှုများကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဘတ်ဂျက် လိုငွေပြခဲ့သောကြောင့် ဟောင်ကောင်ဒေသအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ငွေရေးကြေးရေး ခိုင်မာမှုမြှင့်တင်နိုင်မည့် မဟာဗျူဟာတစ်ရပ်ကို အဆိုပြုသွားမည်ဖြစ်ပြီး၊ ပြည်သူလူထုအပေါ် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုကို ယခုအခြေအနေအတိုင်း ဆက်လက်ထားရှိကာ အစိုးရ အသုံးစရိတ်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်ဟု ဖော်ပြထားပါသည်။

အခွန်ကောက်ခံရရှိသည့် နေရာနည်းပါးခြင်းနှင့် ယခုနှစ်အတွင်း ဒေသစီးပွားရေး အခြေ အနေအပေါ် ဖိအားသက်ရောက်လျက်ရှိသည့် အခြေအနေတွင် ဟောင်ကောင်ဒေသမူဝါဒရေးဆွဲသူ များအနေဖြင့် ဒေသ၏ ဆွဲဆောင်မှုတစ်ခုဖြစ်သည့် အခွန်အကောက် နိမ့်ကျသည့် အခြေအနေမှ အခွန်တိုးမြှင့်ရန် သတိထားလုပ်ဆောင်နေရသည့် အနေအထားတွင် ရပ်တည်နေခြင်းကြောင်း၊ သို့ပါ၍ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်လျက်ရှိသည့် ဟောင်ကောင်ဒေါ်လာ ၁၀၀ ဘီလီယံ ဘတ်ဂျက်လိုငွေပြမှုကို ပြန်လည်ဖြည့်တင်းနိုင်မည့် ဘတ်ဂျက်လိုအပ်ချက် ရရှိနိုင်ရေးအတွက်  အဟန့်အတား ဖြစ်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

အကောက်ခွန်နှုန်းထားနိမ့်ကျခြင်းနှင့် စားသုံးခွန်မကောက်ခံသည့် ဟောင်ကောင်ဒေသ အနေဖြင့် ဝင်ငွေရရှိမှုကို အိမ်ရာအဆောက်အဦ ကဏ္ဍအပေါ် အစဉ်တစိုက် မှီခိုခဲ့ရပြီး၊ အဆိုပါ ကဏ္ဍမှ အမြင့်ဆုံး ဝင်ငွေရရှိခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အစိုးရအတွက် ဝင်ငွေ ဟောင်ကောင်ဒေါ်လာ ၁၆၅ ဘီလီယံ ရှိခဲ့ရာမှ ယခင်နှစ်တွင် ဟောင်ကောင်ဒေါ်လာ ၂၀ ဘီလီယံ သာဝင်ရောက်ခဲ့ပါသည်။ ဟောင်ကောင်ဒေသ၏ အိမ်ရာအဆောက်အဦကဏ္ဍသည် ကာလရှည်ကျဆင်းနေပြီး၊ မကြာသေး သောကာလအတွင်း ၂၀၁၆ ခုနှစ်မှစ၍ အနိမ့်ဆုံးအဆင့်တွင် ကျဆင်းနေပါသည်။ ထို့ကြောင့် ဟောင်ကောင်ဒေသ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ကျဆင်းစေခဲ့ပါသည်။ ထို့ပြင် စားသုံးသူများ၏ သုံးစွဲမှုမှာလည်း အကန့်အသတ်ရှိနေသောကြောင့် လက်လီရောင်းချမှုမှာ ဒီဇင်ဘာလအထိ (၁၀) လ ဆက်တိုက် ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဒေသအစိုးရအနေဖြင့် မူဝါဒပြောင်းလဲမှု အမျိုးမျိုး ကြေညာခဲ့ပြီး နည်းပညာ၊ ဖျော်ဖြေရေး၊ အိမ်ရာနှင့် ကုန်သွယ်မှုစသည့် နယ်ပယ်များအတွက် တွန်းအားဖြစ်စေ ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အိမ်ဝယ်ယူသူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ချေးငွေစည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးခဲ့ခြင်း၊ အယ်လ်ကိုဟောပါဝင်မှုမြင့်မားသည့် အဖျော်ယမကာများအတွက် အခွန်နှုန်းထား လျှော့ချပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အခမ်းအနားနှင့် ပြပွဲကြီးများကျင်းပပြုလုပ်ခြင်းနှင့် ပန်ဒါများဖြင့် ခရီးသွားများ ပိုမိုလာရောက်ရေး အတွက် ဆွဲဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လာမည့်လတွင် ဟောင်ကောင်ဒေသ၏ အကြီးဆုံး အားကစားကွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

၁၉၉၇ အာရှဘဏ္ဍာရေးအကြပ်အတည်းနှင့် ၂၀၀၃ ခုနှစ်၊ SARS ရောဂါဖြစ်ပွားမှု ကဲ့သို့သော  ဟောင်ကောင်ဒေသပြင်ပတွင် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးကြပ်တည်းမှုများကြောင့် ဒေသ၌ ဘတ်ဂျက်လိုငွေပြမှု မရှိသလောက်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ယခုလက်ရှိရင်ဆိုင်နေရသည့် သုံးနှစ် ဆက်တိုက် ဘတ်ဂျက်လိုငွေပြမှုမှာ ၂၀၀၄ ခုနှစ်မှစတင်၍ ဟောင်ကောင်ဒေသအတွက် ကာလ အကြာဆုံးဆက်တိုက် လိုငွေပြမှုဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကာလရှည် လိုငွေပြနေသည့် အခြေအနေဖြစ်နေသော်လည်း လတ်တလောကာလအထိ ကုမ္ပဏီများအတွက် credit-rating သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအတွက် စိုးရိမ်ရသည့် အခြေ အနေ မဟုတ်သေးကြောင်း၊ ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ဒေသဂျီဒီပီ၏ လေးပုံတစ်ပုံ ပမာဏရှိသော အရန်ငွေကြေး ဟောင်ကောင်ဒေါ်လာ ၆၆၄ ဘီလီယံ ထားရှိနိုင်ခြင်းမှာ စီးပွားရေး ကောင်းသည့် ဒေသ/နိုင်ငံများအနက် အမြင့်ဆုံးပမာဏ တစ်ခုဖြစ်သည်ဟု ဟောင်ကောင် စီးပွားရေး ဂျာနယ်မှ လေ့လာအကဲဖြတ်သူ George Xu က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထား ပါသည်။

သို့သော် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ဟောင်ကောင်ဒေသ၏ ဘတ်ဂျက်လိုငွေပြ လျက်ရှိမှုကို သတိပြုရမည့် ကိစ္စရပ်အနေဖြင့် ထောက်ပြထားပြီး၊ အမေရိကန်-တရုတ် ကုန်သွယ် ရေးတင်းမာမှု၊ အိမ်ရာအဆောက်အအုံကဏ္ဍ မျှော်မှန်းထားသည်ထက် အချိန်ကြာမြင့်စွာ ကျဆင်း ခြင်းကဲ့သို့ ဟောင်ကောင်ဒေသ တာဝန်ရှိသူများ၏ ထိန်းချုပ်မှုအောက်တွင် မရှိနိုင်သည့် အခြေ အနေများကြောင့် သိသိသာသာကျဆင်းသွားနိုင်သည်ဟု သတိပေးထားကြောင်း စသည်ဖြင့်ရေးသား ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News