၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဟောင်ကောင်ဒေသ၏ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းထားသည် ယခင်သုံးလပတ်ကာလတွင်ရှိခဲ့သည့် ၃.၁ ရာခိုင်နှုန်းတွင် ဆက်လက် ရပ်တည်နေခဲ့ကြောင်းနှင့် ရရာအလုပ်လုပ်ကိုင်မှုနှုန်းမှာလည်း ၁.၁ ရာခိုင်နှုန်း၌ပင် ဆက်လက် ရှိနေခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုပ်ငန်းကဏ္ဍအလိုက်၌ အလုပ်လက်မဲ့နှင့် ရရာအလုပ်လုပ်ကိုင်မှုနှုန်းထား အမျိုးမျိုးရှိခဲ့သော်လည်း ပမာဏအားဖြင့် သိသိသာသာ ကွဲပြားမှုမရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အလုပ်အကိုင်ခန့်ထားမှု အနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ခန့်ထားခဲ့သည့်ပမာဏထက် ၂,၃၀၀ ခန့် ကျဆင်းခဲ့ပြီး စုစုပေါင်း ၃,၇၁၆,၆၀၀ ခန့် ရှိခဲ့ကြောင်းနှင့် လုပ်သားဦးရေ ၅,၇၀၀ ကျဆင်း ခဲ့ကာ စုစုပေါင်း လုပ်သားဦးရေ ၃,၈၂၆,၇၀၀ ရှိကြောင်း ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသ၏ ပျမ်းမျှအလုပ်လက်မဲ့နှုန်းထားမှာ ၃.၁ ရာခိုင်နှုန်းဖြင့် ယခင်အတိုင်း မပြောင်းလဲဘဲ နှုန်းထားနိမ့်ပါးလျက်ရှိနေဆဲဖြစ်ကြောင်း၊ ရရာအလုပ်လုပ်ကိုင်မှုအနေဖြင့်လည်း ၁.၁ ရာခိုင် နှုန်းတွင်သာ ဆက်လက်ရပ်တည်နေကြောင်း၊ ယခင်သုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက လုပ်သား အရေအတွက်နှင့် စုစုပေါင်းအလုပ်အကိုင်ခန့်ထားမှုမှာ အနည်းငယ်သာ ကျဆင်းခဲ့ ကြောင်း အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး Mr Chris Sun က ပြောကြားခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။
ကမ္ဘာ့စီးပွားရေးအခြေအနေ မရေရာမှုများကြောင့် ဟောင်ကောင်ဒေသ၏ လုပ်ငန်းအချို့ အပေါ် စိန်ခေါ်မှုများ ဖြစ်ပေါ်နေမည်ဖြစ်သော်လည်း လတ်တလောကာလအတွင်း ဟောင်ကောင် ဒေသ၏ လုပ်သားဈေးကွက်မှာ တည်ငြိမ်နေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။