International News

ဂျပန်ဘဏ်များ၏ ပျမ်းမျှအတိုးနှုန်းမှာ ၇ လဆက်တိုက် မြင့်တက်ခဲ့

Last Updated:

ဂျပန်ဘဏ်များ၏ ပျမ်းမျှအတိုးနှုန်းမှာ ၇ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၀.၈၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဂျပန်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သတင်းတွင် အတိုးနှုန်းမြင့်တက်ခဲ့မှုကြောင့် လာမည့်လများအတွင်း စီးပွားရေး လုပ်ငန်းဆိုင်ရာ ပုံသေအတိုးနှုန်းနှင့် ပေါင်နှံမှုများအပေါ် သက်ရောက်မှုများ ရှိလာနိုင်မည်ဟု ခန့်မှန်းထား ကြောင်း၊ ဂျပန်နိုင်ငံ၏ ဘဏ်လုပ်ငန်းကြီးများအနေဖြင့် ဂျပန်ဗဟိုဘဏ်မှ သတ်မှတ် ပေးသည့် ရည်ညွှန်းအတိုးနှုန်းပေါ် အခြေခံ၍ အတိုးနှုန်း သတ်မှတ်ကြကြောင်း၊ ဥပမာအားဖြင့် Tokyo Interbank Offered Rate + Spread အဖြစ် သတ်မှတ်လေ့ရှိကြောင်း၊ ဘဏ်များ၏ အတိုးနှုန်းမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဂျပန်ဗဟိုဘဏ်မှ Negative Interest Rate Policy ကို အဆုံးသတ် ပြီးနောက်ပိုင်းတွင် မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဘဏ်များ၏ Lending Rate မှာလည်း ၂၀၂၄ ခုနှစ် နှစ်စမှစတင်၍ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ဇူလိုင်လတွင် ၀.၇၆၄ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း များ တိုးမြှင့်သတ်မှတ်ခဲ့သည့်အတွက်ကြောင့် ဂျပန်ပုဂ္ဂလိက ဘဏ်ကြီးများအနေဖြင့် အိမ်ရာ ချေးငွေနှုန်းထားနှင့် ကာလတို ကော်ပိုရိတ်ချေးငွေနှုန်းထားများကို ကာလတို သတ်မှတ်ထားမှု အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းတွင် ရုပ်သိမ်းသွားရန် စဉ်းစားလျက် ရှိကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် ဂျပန်စီးပွားရေးလုပ်ငန်းများ၏ ၂၀  ရာခိုင်နှုန်းနီးပါးမှာ ချေးငွေ ချေးယူထား ကြောင်း၊ အတိုးနှုန်းကို ၀.၅ ရာခိုင်နှုန်းထပ်မံတိုးမြှင့်လာမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းမှာ ချေးငွေချေးယူတော့မည် မဟုတ်ကြောင်း၊ အိမ်ခြံမြေ ကုမ္ပဏီများအနေဖြင့် အတိုးနှုန်းအနည်းငယ်တိုးလာလျှင်ပင် အိမ်ရာချေးငွေ နှုန်းထားများကို တိုးမြှင့်လျက် ရှိကြောင်း၊ လတ်ဆတ်သည့် စားသောက်ကုန်များ၏ တန်ဖိုးများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ဗဟိုဘဏ်သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်း အထက်ကို ၂၈ လဆက်တိုက် ရောက်ရှိလျက် ရှိကြောင်း ဖော်ပြထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia (၂၉-၈-၂၀၂၄)

Category: International News