International News

မိုးခေါင်မှုကြောင့် သက်ရောက်မှုရှိသော်လည်း ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ သကြားထွက်ရှိမှုသည် လုံလောက်ကြောင်း ထိုင်းကြံနှင့်သကြားဘုတ်အဖွဲ့ရုံးက ပြောကြားခဲ့ခြင်း

Last Updated:

ယခုနှစ်အတွင်း ထိုင်းနိုင်ငံရှိ စက်မှုကဏ္ဍနှင့် အိမ်ထောင်စုများအတွက် သကြားထောက်ပံ့ပေးနိုင်မှုလုံလောက်ကြောင်း  ထိုင်းကြံနှင့်သကြားဘုတ်အဖွဲ့ရုံးက ပြောကြားခဲ့ပါသည်။

မိုးခေါင်မှုကြောင့် ထိုင်းနိုင်ငံနှင့် အခြားသောနိုင်ငံများတွင် ကြံထွက်ရှိမှု ကျဆင်းခဲ့သော်လည်း ထိုင်းနိုင်ငံအနေဖြင့် သကြားပြတ်လပ်မှုမကြုံတွေ့နိုင်ကြောင်း၊ ၂၀၂၃-၂၀၂၄ သီးနှံရာသီတွင် ပြည်တွင်း ဈေးကွက်အတွက် သကြားလုံလောက်ပါကြောင်း၊ ယခုရာသီတွင် ကြံထွက်ရှိမှုသည် တန်ချိန် ၈၂.၁ သန်းရှိသဖြင့် သကြား တန်ချိန် ၈.၈ သန်းရရှိပါကြောင်း၊ အချို့ကို တင်ပို့သွားမည်ဖြစ်ကြောင်း ဘုတ် အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Vivrit Viseshindh က ပြောကြားခဲ့ပါသည်။

Khon Kaen Sugar Industry Plc (KSL) က ၂၀၂၄-၂၀၂၅ ရာသီတွင် ကြံတန်ချိန် သန်း ၉၀ မှ သန်း ၁၀၀ ကြား တိုးမြှင့်ထွက်ရှိရန် ခန့်မှန်းထားပြီး သကြား တန်ချိန် ၉ သန်းမှ ၁၀ သန်းကြား ထွက်ရှိ နိုင်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် သကြား စက်ရုံ ၅၇ ရုံရှိပါကြောင်း၊ ပြည်တွင်းသကြားဈေးကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိန်းချုပ်ထားပြီး ၁ ကီလိုဂရမ်လျှင် ၂၇ ဘတ်မှ ၂၈ ဘတ် ကြား ရှိပါကြောင်း၊ နိုင်ငံများရှိ ကြံစိုက်ပျိုးမှုတွင် မိုးခေါင်မှုကြောင့် ကမ္ဘာ့ထောက်ပံ့မှု ကျဆင်းနိုင်ပြီး ကမ္ဘာ့ ဈေးကွက်တွင် သကြားဈေးနှုန်းသည် ၃၀ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း၊ ယခုနှစ် ပထမနှစ် ဝက်အတွင်း ကမ္ဘာ့သကြားဈေးနှုန်းသည် ၁ ပေါင်လျှင် ၂၅ စင့်မှ ၂၆ စင့်ကြားရှိပြီး ၁၂ နှစ်တာကာလ အတွင်း အမြင့်ဆုံးဖြစ်ပါကြောင်း KSL ဥက္ကဋ္ဌ Mr. Chulush Chinthammit က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့အကြီးဆုံးသကြားထုတ်လုပ်သူ ဘရာဇီးနိုင်ငံက သကြားဈေးနှုန်းမြင့်မားခြင်းမှ အကျိုး ကျေးဇူးရရှိရန်အတွက် ဧပြီလမှစ၍ ကြံမှ အီသနောထုတ်လုပ်မှုကို လျှော့ချ၍ သကြားပိုမိုထုတ်လုပ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News